အမေရိကန်တောင်ပိုင်းပြည်နယ်များတွင် ဆေးရုံတင်ရသည့် ကိုဗစ်လူနာ များပြားလာ

အမေရိကန်နိုင်ငံတောင်ပိုင်းက လူဝီစီယားနားနဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ ဆေးရုံတင်ရတဲ့ လူနာ ဦးရေဟာ ကပ်ဘေးကာလအတွင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။
ဒါကြောင့် ဒယ်လ်တာဗီဇမျိုးကွဲကို ကာကွယ်ဖို့ ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေ ကာကွယ်ဆေးထိုးကြဖို့ ခြေကုန်လက်ပန်းကျနေတဲ့ ဆရာဝန်တွေက တောင်းဆိုခဲ့ကြပါတယ်။
ကူးစက်နှုန်းမြင့်နေလို့ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးက သူ့ပြည်နယ်တခွင်လုံးမှာ အိမ်ခန်းထဲမှာပါ ပါးစပ်နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ဆင်ထားကြဖို့ ပြန်ပြီး အမိန့်ထုတ်ခဲ့ရပါတယ်။
၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ ဆေးရုံတက်ရနှုန်း စံချိန်ကျိုးနိုင်ပြီး ပြည်နယ်အတွင်း သူနာပြုဦးရေ ၆၀၀၀ ကျော် လိုအပ်နေတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။
အာကန်းဆပ်ပြည်နယ်မှာလည်း ဆေးရုံတက်ရသူ အရေအတွက် ထိုးတက်လာလို့ စံချိန်ကျိုးခါနီးပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။