အိုလံပစ်ချန်ပီယံ ဘရာဇီးအသင်း စပိန်ကို အနိုင်ယူပြီး ထပ်မံဗိုလ်စွဲ

တိုကျိုအိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဩဂုတ် ၇ ရက် ဒီကနေ့ည ယှဉ်ပြိုင်ကစားကြရာမှာ လက်ရှိချန်ပီယံ ဘရာဇီးက စပိန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပထမရွှေတံဆိပ်ဆု ရရှိသွားပါတယ်။
ဒီကနေ့ည ကန်သွားတဲ့ပွဲစဉ် ပထမပိုင်း ၃၈ မိနစ်မှာ ဘရာဇီးက ပင်နယ်တီပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့ပေမဲ့ ရစ်ချာလီဆန် ရဲ့ ကန်ချက် ဂိုးဘားတိုင်ပေါ်ကျော်သွားလို့ ဘရားဇီးအသင်း တစ်ဂိုးနစ်နာသွားခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်ပြီးလို့ နာကျင်အချိန်ပိုမှာ ဘရာဇီးတိုက်စစ်မှူး ကူညာက ဘရာဇီးအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းပွဲချိန် ၆၁ မိနစ်မှာတော့ စပိန် အသင်းခေါင်းဆောင် မိုက်ကယ်အိုယာဇဘယ်က ချေပဂိုးလှလှပပ ပိတ်သွင်းယူနိုင်ခဲ့လို့ တစ်ဖက် တဂိုးစီသရေကျသွားပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာ စပိန်က ဘရန်ရိုင် ကန်သွင်းခဲ့တဲ့ဘောလုံး တိုင်ထိထွက်သွားလို့ စပိန်အသင်းအနိုင်ဂိုး မရဘဲ ဒုတိယပိုင်း မိနစ် ၉၀ ပြီးသွားချိန်အထိ တစ်ဖက်တစ်ဂိုးစီဆက်လက်သရေကျနေခဲ့ပါတယ်။
အချိန်ပို ဆက်ကန်ကြရာမှာလည်း အချိန်ပိုပထမပိုင်း ၁၅ မိနစ်မှာလည်း ဘယ်ဘက်ကမှ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အချိန်ပိုဒုတိယပိုင်းဆက်ကန်ကြရာမှာ ပွဲချိန် ၁၀၈ မိနစ်အရောက်မှာတော့ မယ်ကွန်က ဘရာဇီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဘရာဇီးအသင်း ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားတာဖြစ်ပါတယ် ။
ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ မက္ကစီကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာဖြစ်ပြီး စပိန်ကလည်း အိမ်ရှင် ဂျပန်အသင်းကို ဆီမီးဖိုင်နယ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာတာပါ။
မနေ့က ကန်သွားတဲ့ အိမ်ရှင် ဂျပန်အသင်းနဲ့ မက္ကစီကိုအသင်းတို့ရဲ့ တတိယ လုပွဲမှာတော့ မက္ကစီကိုက ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး အိုလံပစ် ကြေးတံဆိပ်ဆု ရရှိသွားပါတယ်။