ပါကစ္စတန်တွင် လေထုသန့်စင်ပေးမည့် သစ်ပင်ပေါင်း ၁၀ ဘီလီယံ စိုက်ပျိုးမည်

လူတွေကြောင့် လေထု၊ သမုဒ္ဒရာနဲ့ ကုန်းမြေပါ ပူနွေးလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ အသိသာဆုံး ဆောင်ရွက်မယ်ဆိုရင်တောင် ကမ္ဘာကြီး ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပူနွေးလာမယ့်ဘေးကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့က သြဂုတ် ၉ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ဒီအပူချိန်ပြောင်းလဲမှုဟာ အစွန်းရောက်ရာသီဥတုတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေ ဖြစ်စေနိုင်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ကတော့ အစီရင်ခံစာထဲမှာပါတဲ့ ကြောက်စရာ သတိပေးချက်တွေကို လိုက်နာဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းခဲ့တဲ့အပြင် သူ့နိုင်ငံအတွင်း လေထုညစ်ညမ်းနေတဲ့ မြို့တွေကို လေသန့်ပေးဖို့ သစ်ပင် ၁၀ ဘီလီယံ စိုက်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။
ဝန်ကြီးချုပ်ကတော့ ကမ္ဘာ့အကြီးဆုံး မြို့ပြသစ်တောစီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မှတ်ချက်ပြု ပြောခဲ့တာပါ။
ဂျပန်ရုက္ခဗေဒပညာရှင် အာ့ခိရမိယာဝါခိရဲ့ နည်းလမ်းကို သုံးပြီး ၁၂ ဒသမ ၅ ဧကမှာ သစ်ပင် ၁၆၅,၀၀၀ ကျော် စိုက်နိုင်ပါတယ်။ မိယဝါ့ခိ နည်းပညာနဲ့ အပင်တွေကို နီးနီးကပ်ကပ် စိုက်ခဲ့ရင် အပင်တွေဟာ ပုံမှန်ထက် ဆယ်ဆ ပိုမြန်မြန်ကြီးထွားမယ်လို့ မျှော်လင့်ထားကြောင်း တာဝန်ရှိတွေက ပြောကြပါတယ်။
လူဦးရေ ၁၀ သန်းရှိတဲ့ လာဟိုးမြို့မှာ ဒီသစ်တောမျိုး ၅၃ ခုရှိပြီး မြို့ထဲက ထွက်သမျှ ကာဗွန် ပါတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူရာမှာ အလုပ်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
လာဟိုးမြို့ဟာ လတ်တလောနှစ်တွေအတွင်း မီးခိုးမြူထူတွေကြောင့် ကျောင်းတွေကို ပိတ်ခဲ့ရသလို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေထဲက တမြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။