အောင်လံလွှင့်ချီ နွေဦးထီ မရောင်းချမီ လိမ်လည်ထားသည့် စာမျက်နှာများ ပေါ်လာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင့်ချီ နွေဦးထီ တရားဝင် မရောင်းချခင်မှာပဲ လူမှုကွန်ရက်မှာ ဆင်တူယိုးမှား စာမျက်နှာတွေနဲ့ လိမ်လည်ထားတဲ့ စာမျက်နှာတွေ ပေါ်လာပါတယ်။
တချို့ စာမျက်နှာတွေကတော့ NUG ကို ထောက်ခံပြီး ဖွင့်ထားတာဖြစ်ကြောင်းနဲ့ တရားဝင်မဟုတ်ကြောင်း ဖော်ပြထားပေမဲ့ စာမျက်နှာတခုကတော့ တရားဝင်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
"သူတို့က ချက်ဘောက်စ်ကို လာခိုင်းတယ်။ အဲဒီမှာ ထီထိုးမယ်ဆိုတာ နှိပ်လိုက်တော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကိုရောက်သွားတယ်။ ငွေချေရမဲ့ ပုံစံတွေလည်း လုပ်ထားတယ်။ ဝက်ဘ်ဆိုက်လိပ်စာက NUG ရဲ့လိပ်စာမဟုတ်ဘူး" လို့ အခုညမှာ ဝင်ရောက် စမ်းသပ်ခဲ့သူ တယောက်က ပြောပါတယ်။
ပြည်သူတွေ ခက်ခဲနေချိန်မှာ တော်လှန်ရေးအတွက် ချွေးနည်းစာတွေ ထည့်၀င်ကြမှာကို အခုလို မလိမ်လည်သင့်ဘဲ အမြန်ဆုံးတားဆီးသင့်တယ်လို့လည်း သူက ဆိုပါတယ်။
အဲဒီစာမျက်နှာဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စဖွင့်ခဲ့တာဖြစ်ပြီး အခု သြဂုတ် ၁၂ ရက်နေ့မှာမှ နာမည်ပြောင်းလိုက်တာပါ။
စာမျက်နှာကို လိုက်ခ်လုပ်ထားသူပေါင်း ၁၈၀၀၀၀ လောက်နဲ့ follow လုပ်ထားသူက ၂ သိန်းကျော်ရှိပါတယ်။
NUG ရဲ့ ထီကို သြဂုတ် ၁၅ ရက် ဒီနေ့ စတင်ရောင်းချမှာဖြစ်ပြီး အနည်းဆုံး ၅ စောင်၊ ကျပ် ၁၀၀၀၀ ဖိုးထိုးရမှာဖြစ်ပါတယ်။
ထီကို အွန်လိုင်းကပဲ ထိုးရမှာဖြစ်ပြီး အစိုးရရဲ့ ဝက်ဘ်ဆိုက်နဲ့ လုမှုကွန်ရက်စာမျက်နှာတွေမှာ ကြေညာပေးတဲ့ လင်ခ့်ကနေ ဝင်ရောက်ရမှာ ဖြစ်ပါတယ်။