မန္တလေးတွင် တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ ၁၉ ဦး သေဆုံး



မန္တလေးမြို့မှာ သြဂုတ် ၁၇ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၁၉ ဦး ရှိခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းထံက သိရပါတယ်။
မန္တလေးဆေးရုံကြီးရင်ခွဲရုံမှ ကိုဗစ်လူနာ ၁၀ ဦး၊ Hotel Mandalay မှ ကိုဗစ်လူနာ ၁ ဦး၊ မြို့တော်ဆေးရုံမှ ကိုဗစ်လူနာ ၃ ဦး၊ ခုတင် ၃၀၀ သင်ကြားရေးဆေးရုံမှ ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၄ ဦး သေဆုံးခဲ့တာပါ။
သေဆုံးလူနာတွေကို မြို့ခံပရဟိတအဖွဲ့တွေက အေးရိပ်ငြိမ်သုသာန်နဲ့ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။
သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဆေးခန်း မပြသနိုင်ခြင်း၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။
မန္တလေးမြို့မှာ သြဂုတ် ၁ ရက် မှ ၁၄ ရက်ထိ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ အယောက် ၄၀၀ ကျော် ရှိခဲ့ပြီး ယခင်လထက် သေဆုံးနှုန်း တစ်ဝက်ခန့် ကျဆင်းခဲ့ပါတယ်။ သြဂုတ်လအတွင်း တစ်ရက်ကို အနည်းဆုံး ကိုဗစ်လူနာ အယောက် ၂၀ သေဆုံးနေတာ ဖြစ်ပါတယ်။
ဇူလိုင်လက တစ်ရက်ကို ကိုဗစ်လူနာ အယောက် ၈၀ ဝန်းကျင်သေဆုံးခဲ့ပြီး ဇူလိုင် တစ်လအတွင်း ကိုဗစ်လူနာနဲ့ သံသယရှိသူ ၂၀၀၀ ကျော်သေခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။