close

စစ်ကောင်စီတပ်ကြောင့် ကနီ ဒေသခံထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ကနီမြို့နယ်အတွင်းကို ဩဂုတ် ၁၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်‌တွေ  ဝင်ရောက်လာတာကြောင့်  ဒေသခံရွာသားတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်ရဲတောင်ရွာသားတစ်ဦးက “ကျနော်တို့ ကနီမြို့ချင်းတွင်း မြစ်အရှေ့ဘက်အခြမ်းက တပုန်း၊ ပျဉ်တော၊ နတ်ရဲတောင်၊ ကံကြီးက လူတွေအကုန်လုံးတော့ ထွက်ပြေးနေရပြီဗျ။ ဒီကောင်တွေက ယုံလို့မရဘူးလေ။ အရင်တခါလာတုန်းကလည်း အကုန်ဖျက်ဆီးကြတော့ နေအိမ်တွေထဲ မနေရဲကြဘူးပေါ့ဗျာ။ ဒီမနက်ခင်းက ဝင်လာပြီဗျ။ ဘာလာလုပ်ကြတယ်တော့ မသိဘူး။ အတော်လေးကို ဒုက္ခရောက်ရပါတယ်ဗျ။ ကိုဗစ်-၁၉ ရောဂါသမားလည်း မနေရဲဘူး။ အကုန်ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီဒေသတဝိုက် နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းပေါင်း ၄၀ ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း နေရာ ၃ နေရာကနေ တွေ့ရှိထားပါတယ်။

ဒီဖြစ်စဉ်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်ထံကို စာရေးသားပေးပို့ အကြောင်းကြားထားတွေလည်း ရှိနေပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဒေသခံ PDF တပ်တွေနဲ့ ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးရိုက်နှက် စစ်ဆေးမေးမြန်းတာတွေကြောင့် ပြည်သူတွေ နေ့စဉ်လိုလို ထွက်ပြေးနေရကြရတယ်လို့ သိရပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ဧပြီ ၁၁ ရက်နေ့ကနေ့ ဩဂုတ် ၁ ရက်နေ့အထိ ၅ လတာအတွင်း တိုက်ပွဲ ၃၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up