close

ရွှေလီမြို့‌ရောက် ရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံ ပြန်လာရေး အခက်အခဲ ဖြစ်နေ

တရုတ်နိုင်ငံ ရွှေလီမြို့‌ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာဘက် ပြန်လာဖို့ စာရင်းပေးထားပေမယ့် ပြန်ခွင့်မပေးတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေဆီက သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၀ ရက်မှာ တရုတ်ဘက်က နောက်ဆုံး ဝန်ဆောင်မှုအဖြစ် နန်းတော်ဂိတ် ဖွင့်ပေးမယ်လို့ သိရပါတယ်။

လော့ဒေါင်းကာလ ကြာနေပြီဖြစ်ပြီး အလုပ်အကိုင် မရှိတော့တာကြောင့် စားဝတ်နေရေးခက်ခဲကာ ဆက်နေဖို့ အဆင်မပြေတော့တဲ့အတွက် ရဲစခန်းရှေ့မှာ ဩဂုတ် ၁၉ ရက်နေ့ မနက်ကတည်းက အထုပ်အပိုးတွေနဲ့ လာရောက်တန်းစီနေကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

မြန်မာဘက်ကို ပြန်လာဖို့ ရဲစခန်းမှာ သွားရောက် စာရင်းသွင်းဖို့ တရုတ်အစိုးရက အသိပေး ကြေညာထားပေမယ့် အကူအညီတောင်းတဲ့အခါ ရဲစခန်းဘက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်ဘက်ခြမ်း ပရဟိတအသင်းတခုဆီက သိရပါတယ်။

လာရောက်တန်းစီနေတဲ့ လုပ်သားတွေကို တရုတ်ရဲတွေက လူစုခွဲမောင်းထုတ်ကာ အထုပ်အပိုးတွေ လွှင့်ပစ်ခဲ့ကြပြီး ဗွီဒီယိုရိုက်ယူနေတဲ့သူကိုလည်း ရိုက်နှက်ကာ ဖုန်းတွေကိုလည်း ရိုက်ခွဲခဲ့ကြတယ်လို့ လုပ်သားတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေက သူဌေးတွေနဲ့ အိမ်ရှင်တွေဆီ ပြန်လာရင်လည်း လက်မခံဘဲ ပြန်မောင်းထုတ်တာကြောင့် မြန်မာနိုင်ငံ မပို့မချင်း ရဲစခန်းရှေ့မှာပဲ အိပ်ပြီး စောင့်ဆိုင်း‌သွားမယ်လို့ ဆိုပါတယ်။

ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ)ဥက္ကဋ္ဌ ကိုချမ်းမြေ့က "ဂိတ်က မဖွင့်သေးဘူးဗျ။ ကျနော်တို့ လူဦးရေက စုနေတုန်း။ လူဦးရေ မပြည့်ရင် ကျနော်တို့က ပို့ပေးလို့ အဆင်မပြေဘူးဖြစ်နေတာ။ လူဦးရေက ကျနော်တို့ အခု ကျနော်တို့ ၂၀ ရက်နေ့ နောက်ဆုံး ဆိုပြီးတော့ ကျနော်တို့ ရဲစခန်းမှာ သူတို့ စာရင်းသွားသွင်းကြတာပါ။ ဟိုလို ပြန်ဖို့ရာ စောင့်တာ မဟုတ်ပါဘူး။ ပြန်ချင်တဲ့လူ စာရင်း သွားသွင်းကြတာ။ အဲဒါမျိုး ပို့ပေးမှာပါ။ ကျနော်တို့ အခု နည်းနည်း လမ်းကြောင်းတစ်ခု ဆွဲနေတုန်း။"  လို့ ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၁၆ ရက်အထိ တရုတ်နိုင်ငံ ရွှေလီ ကျယ်ဂေါင်ကနေ နန်းတော်တရားဝင်ဂိတ်ကနေ လွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံသား ၄၈၇၄ ဦးရှိပြီး ခိုးပေါက်ကနေ ပြန်လာရသူတွေလည်း အများအပြား ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up