စစ်တပ်က ရိုက်နှက်နှိပ်စက်သဖြင့် ဂန့်ဂေါဒေသက အသက် ၇၀ ကျော်အဘိုးအို ၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်နှိပ်စက်ခဲ့လို့ အသက် ၇၀ ကျော်အဘိုးအိုတစ်ယောက် သြဂုတ် ၂၁ ရက် ဒီနေ့မနက်က သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သြဂုတ် ၁၈ ရက်နေ့ညက အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာစဉ် နှမ်းခါးကျေးရွာကို ဝင်ရောက်လာပြီး အမှတ် ၄ ရက်ကွက်နေ ဦးကံထောက်ကိုတွေ့ရှိ မေးမြန်းပြီး နံရိုးတွေကျိုးအောင် ရိုက်နှက်နှိပ်စက်ခဲ့တာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“အဲဒီအဘိုးက နေအိမ်မှာရှိနေတာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ ကား ၃ စီးနဲ့ ရောက်လာပြီးတော့ ရိုက်နှက်ကန်ကျောက် နှိပ်စက်တာကြောင့် မျက်နှာ၊ လည်ပင်းနဲ့ နောက်ကျောတွေမှာ အညိုမဲဒဏ်ရာရသွားတယ်။ ခင်ဗျား ဒီနားမှာစောင့်နေတာ သူခိုးတွေလာတာ မသိလားလို့ မေးတာ၊ မသိဘူးလို့ ပြန်ဖြေတာကြောင့် ခြေထောက်နဲ့ဆောင့်ကန်၊ လက်သီးတွေနဲ့ထိုးပြီးတော့ ရိုက်နှက်နှိပ်စက်သွားတာ” လို့ ဒေသခံရွာသားက ပြောပါတယ်။
ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးကံထောက်ဟာ ဒီကနေ့မနက် ၇ နာရီလောက်မှာ သေဆုံးသွားတာဖြစ်ပြီး ဒီကနေ့ပဲ သူ့ရဲ့ ဈာပနကို ရွာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဦးကံထောက်ရဲ့ နေအိမ်ကနေ ငွေကြေးတွေနဲ့ ပစ္စည်းတွေကို အဓမ္မယူဆောင်သွားတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။