close

အမ်အိုယူလုပ်သား ၄ သိန်းကျော် ခေါ်ယူရန် ထိုင်းအလုပ်သမားဝန်ကြီးပြင်ဆင်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းကတည်းက MOU (နှစ်နိုင်ငံသဘောတူစာချုပ်)နဲ့ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတင်သွင်းတာကို ရပ်နားထားရာမှာ  လက်ရှိ အလုပ်ရှင်တို့ရဲ့ လိုအပ်ချက်အရ အဆိုပါအလုပ်သမားတွေကို ပြန်ခေါ်ရေး အလုပ်သမားဝန်ကြီးဌာနက စတင် ပြင်ဆင်နေပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားပြဿနာဖြေရှင်းရေးအတွက် ပြီးခဲ့တဲ့ မေလကစပြီး ကွင်းဆင်း စစ်တမ်းကောက်ယူရာမှာ စက်ရုံအလုပ်ရုံနဲ့ အလုပ်ရှင်တွေကနေ အလုပ်သမားအင်အား ၄၂၄၇၀၃ ဦး လိုအပ်ကြောင်း သိရှိရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က  ဩဂုတ် ၂၀ ) က သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက်မှာ မြန်မာအလုပ်သမား ၂၅၆၀၂၉ ဦး၊ ကမ္ဘောဒီးယား ၁၃၀၁၃၈ ဦး၊  လာအို ၃၈၅၃၆ ဦးတို့ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆက်နွယ်တဲ့ အထွေထွေလုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွေမှာ အဓိကလိုအပ်တယ်လို့ ဆိုပါတယ်။ 

လုပ်သားလိုအပ်မှုအများဆုံးခရိုင်ကတော့ ချင်းမိုင် ၊ ဘန်ကောက်၊ ကျန်ထပူရီ၊ စမွတ်စခွန်းနဲ့ လယောင်း စတဲ့ခရိုင် ၅ ခုဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ လျှော့နည်းလာတဲ့အချိန် အမ်အိုယူ အလုပ်သမားတွေကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ရမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ပြောပါတယ်။ 

ကိုဗစ်-၁၉ မတိုင်ခင်က ထိုင်းမှာ အလုပ်လာလုပ်ဖို့ မြန်မာအလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာနကနေ တဆင့် အမ်အိုယူလျှောက်ထားတဲ့အလုပ်သမားတွေ သောင်းချီရှိပြီး အဲဒီထဲက အလုပ်ရှင်ရဲ့ ခွင့်ပြုချက်ရတဲ့ အလုပ်သမားတွေဟာ တာ့ခ်ခရိုင်နယ်စပ် မြဝတီမှာ လာရောက်စောင့်ဆိုင်း နေခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကြောင့် နယ်စပ်လည်းပိတ် ၊ အမ်အိုယူ လုပ်သားတင်သွင်းတဲ့ အစီအစဉ်တွေ ရပ်ဆိုင်းသွားတာကြောင့် သူတို့တွေဟာ ငွေကုန်လူပန်း အိမ်ပြန်သွားရပြီး တချို့ တရားမဝင် ဝင်လာစဉ် ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိပါတယ်။ 

ကိုးကား-MGROnline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up