စစ်တပ်ပိုင်အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘီအိုစီအနီး၊ စနေမလမ်းထိပ်က စစ်ကောင်စီတပ်တွေပ်စွဲထားတဲ့ စစ်တပ်ပိုင်အထည်ချုပ်စက်ရုံကို လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF)က သြဂုတ် ၂၃ ရက် ည ၁၀ နာရီမှာ အဝေးထိန်းဗုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ယောက် ပြင်းထန်စွာ ထိခိုက်မှုရှိခဲ့တယ်လို့ CGF က ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုအပြီးမှာ ကင်းတဲက စစ်သားတွေက ချက်ချင်း ပြန်လည်ပစ်ခတ်ခဲ့ပြီး စက်ရုံအထဲက စစ်သားတွေကလည်း ပြေးထွက်ကာ လိုက်လံပစ်ခတ်ခဲ့ပေမဲ့ CGF ဘက်က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုဟာ သြဂုတ် ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ သမိုင်းမြို့သစ် အကြမ်းဖက်ပစ်ခတ်မှုအတွက် လက်တုံ့ပြန်မှု တခု ဖြစ်တယ်လို့ CGF က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး CGF တာဝန်ရှိသူတစ်ဦးက "သေဆုံးမှုရှိမရှိတော့ ကျနော်တို့လည်း အတည်ပြုလို့မရပါဘူး၊ ပေါက်ကွဲမှု အပြီး နှစ်ယောက်လဲကျပြီး မထနိုင်တာတော့ တွေ့ရပါတယ်။''လို့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့ညမှာလည်း CGF အဖွဲ့က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၅ ထိပ် ရဲစခန်းကို ည ၇ နာရီကျော်လောက်က အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လှိုင်သာယာမှာ လူငယ်တော်တော်များများကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုများလာတဲ့အတွက် အခုလို ပြောက်ကျားတပ်ဖွဲ့ ဖွဲ့စည်းပြီး တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒီဖောက်ခွဲရေးက ၃ ကြိမ်မြောက် ဖြစ်တယ်လို့သိရပါတယ်။
ပြောက်ကျားတပ်တွေအနေနဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အထောက်အပံ့တွေ အလှူငွေတွေလိုအပ်နေပေမဲ့ လူထုအထင်လွဲမှာ ကြောက်တာကြောင့် မကောက်ရဲဘူးလို့ လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့(CGF)က ပြောပါတယ်။