close

သတင်းပေးဒလန်များကို ဆုကြေးငွေချီးမြှင့်ရန် စစ်ကောင်စီဝင်များ အကြံပြုတိုက်တွန်း

CRPH ၊ NUG အဖွဲ့အတွက် ငွေကြေးနဲ့ ပစ္စည်းတွေ  စုဆောင်း ထောက်ပံ့ပေးနေသူတွေကို အရေးယူဖို့နဲ့ သတင်းပေးတဲ့သူတွေကို ဆုကြေးငွေချီးမြှင့်ပေးရေးဖို့ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့  ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုးနဲ့ ဦးရွှေကြိမ်းတို့က  ဩဂုတ် ၂၃ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ တိုက်တွန်းပြောသွားတာပါ။

CRPH ၊ NUGနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ငွေကြေးနဲ့ ပစ္စည်းတွေ စုဆောင်း ထောက်ပံ့ပေးနေသူတွေကို  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ သတင်းပေးတဲ့ သူတွေကို ဆုကြေးငွေချီးမြှင့်ပေးဖို့နဲ့  အများပြည်သူသိရှိ စေရေး သတင်းထုတ်ပြန်ပေးဖို့ ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ဒေါ်လာဈေးနဲ့ ရွှေဈေး ဈေးကစားနေသူတွေကို ရှာဖွေဖော်ထုတ်အရေးယူနိုင်ဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို  သင်တန်းပေးတာနဲ့ လက်နက်ပစ္စည်းတွေကူညီထောက်ပံ့နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိရောက်စွာတားဆီးနိုင်ဖို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် ထိရောက်စွာသတင်းထောက်လှမ်းပြီး   တရားခံတွေကို ဖော်ထုတ် အရေးယူဖို့တွေလည်း အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း CRPH နဲ့ NUG လက်အောက်ခံ အဖွဲ့အစည်းတွေကို ဥပဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို မထိခိုက်အောင် ဂရုပြုဆောင်ရွက်သွားရမယ်လို့ ပြောပါတယ်။ 

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up