close

ချောင်းဆုံတွင် မနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ကန့်သတ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ဒီကနေ့ သြဂုတ် ၂၆ ရက်နေ့ကစပြီး မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက်ခွင့် ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ချောင်းဆုံမြို့နယ်မှာ  နေအိမ်အပြင်ထွက်ခွင့်ကို မနက် ၆ နာရီမှ ၁၀ နာရီထိသာ သတ်မှတ်ထားကြောင်းနဲ့ နေအိမ်အပြင်ထွက်ရာမှာလည်း ဈေးဝယ်သူ တစ်ဦးသာ ထွက်ရမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံကြေညာနေတာ ဖြစ်ပါတယ်။

ဒါအပြင် ရပ်ကွက်ဖြတ်ကျော်သွားလာရင်လည်း သက်ဆိုင်ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေရဲ့ ထောက်ခံချက် မဖြစ်မနေ ပါရှိရမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက် ကန့်သတ်ချက်ဟာ ကိုဗစ်ရောဂါအကြောင်းပြပြီး ပြည်သူတွေ နေအိမ်အပြင်မထွက်နိုင်အောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ ချောင်းဆုံဒေသခံ တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ချောင်းဆုံမြို့နယ်ရဲ့ ရဲစခန်းတွေနဲ့ တပ်တွေ တည်ရှိနေရာတွေမှာလည်း ကတုတ်ကျင်းတူး၊ သဲအိတ်ဘန်ကာတွေအပြင် အကာအကွယ်တွေ ထပ်မံ တိုးမြှင့်ချထားလာ နေတာ ဖြစ်ပါတယ်။

မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက် ကန့်သတ်ချက်ဟာ စစ်ကောင်စီရဲ့ အာဏာ တည်မြဲရေးအတွက် ကြိုးပမ်းချက်တစ်ခုဖြစ်ပြီး အခြေခံလူတန်စားတွေကို ဒုက္ခဖြစ်‌အောင် ဖန်တီးနေတာလို့ ချောင်းဆုံမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့က စပြီး နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတာ ဖြစ်ပြီး အခုအခါ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုဗစ်ရောဂါအကြောင်းပြီး ပြည်သူတွေကို အပြင်ထွက်မနိုင်အောင် စည်းကမ်းထပ်မံ တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up