close

ပေါက်မြို့နယ်က CDM ဝန်ထမ်းအချို့ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ ပေါက်မြို့နယ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်လို့ စစ်ကောင်စီက အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့ ဝန်ထမ်းတွေဟာ နေထိုင် စားသောက်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

CDM ဝန်ထမ်းတွေအတွက် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက “နောက်ဆုံးအချိန်ထိ တောင့်ခံနေကြတဲ့ CDM ဝန်ထမ်းတွေပေါ့။ အခုတော့ မရှိ ရှိတာလေးတွေရောင်းချပြီး အဆုံးထိ တောင့်ခံနေကြတယ်။ CDM ဝန်ထမ်း တဝက်လောက်က အချိန်ကြာလာတော့လည်း သိပ်မဆင်မပြေကြတော့ဘူး။ လောလောဆယ်တော့ အလှူငွေ ၁၅ သိန်းလောက်ရယ်။ ဆန် ၁၂ အိတ်လောက် ရှိတာလေး မျှပေးရမှာ အလှူငွေကလိုသေးတာပေါ့” လို့ ပြောပါတယ်။

အာဏာဖီဆန် CDM မှာ ပါဝင်သူအချို့ရဲ့ ဆွေမျိုးသားချင်းတွေဟာ ငွေကြေးတောင့်တင်းသူတွေရှိလို့ စားဝတ်နေရေး အတော်အသင့်အဆင်ပြေနေကြပြီး တချို့ CDM ဝန်ထမ်းမိသားစုတွေဟာ အလုပ်မရှိတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများစွာရှိနေတယ်လို့ CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

ပေါက်မြို့နယ်မှာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းဦးရေဟာ ပညာရေး၊ ရဲ၊ မီးသတ်နဲ့ အခြားဌာနဆိုင်တွေက ဝန်ထမ်း စုစုပေါင်း ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up