အာဖဂန်ဘဏ်များပိတ်ထားသဖြင့် ပြည်သူများ ဆန္ဒပြ

တာလီဘန်တွေအာဏာသိမ်းပြီးကတည်းက မြို့တော်ကဘူးလ်မှာ ဘဏ်တွေ အကြီးအကျယ်ပိတ်ထားတဲ့အတွက် သြဂုတ် ၂၈ ရက်မှာ အာဖဂန်ပြည်သူတွေ လမ်းပေါ် ထွက်ဆန္ဒပြခဲ့ကြပါတယ်။
New Kabul ဘဏ်ရဲ့အဓိကရုံးအနီးမှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ ချီတက်နေကြတာဖြစ်ပြီး ဒီဆန္ဒပြရတဲ့ အကြောင်းရင်းဟာ ဘဏ်တွေနဲ့ ငွေလဲလုပ်ငန်းတွေ ပိတ်ထားလို့ဖြစ်တယ်လို့ မျက်မြင်သက်သေတယောက်က ရိုက်တာကို ပြောပါတယ်။
အခုလမှာ အနောက်နိုင်ငံကျောထောက်နောက်ခံပြု အစိုးရပြိုလဲသွားကတည်းက အာဖဂန်ငွေကြေးလည်း မြန်မြန်ဆန်ဆန် ထိုးကျသွားတာနဲ့အတူ ဘဏ်ပေါင်းများစွာ ပိတ်ထားရပြီး စားနပ်ရိက္ခာဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ကာ အာဖဂန်လူမျိုး အမြောက်အမြားအတွက် နေ့စဉ်ဘဝက ပိုမိုခက်ခဲလာပါတယ်။
နိုင်ငံခြားတပ်တွေ ထွက်ခွာသွားတာ၊ တာလီဘန်တွေ ရုတ်တရက်နေရာယူတာနဲ့ ဖြစ်ပေါ်လာတဲ့ မငြိမ်မသက်မှုတွေက အာဖဂန် ငွေကြေးဖရိုဖရဲဖြစ်စေခဲ့ပါတယ်။
ဒေါ်လာမရှိခြင်းကလည်း ငွေကြေးအကျပ်အတည်းကို လှုံ့ဆော်ပေးပါတယ်။ ဒီလိုအခြေအနေမှာ ဘဏ်တွေလည်းပိတ်ထားပြီး နိုင်ငံကနေ ထွက်ခွာဖို့နည်းလမ်းလည်း မရှိကြတဲ့ ကဘူးလ်မြို့ခံတွေဟာ သူတို့ရဲ့နေ့စဉ်ဘ၀ကို တာလီဘန်တွေ ချုပ်ကိုင်မှု အားကောင်းလာတာနဲ့ အမျှ လာမယ့်ရက်တွေကို ဘယ်လိုအဆုံးသတ်ကြရမယ်ဆိုတာကို ပိုပြီးစိုးရိမ်လာကြတာပါ။
အာဖဂန်နစ္စတန်မှာ IS အဖွဲ့ကစီစဉ်တဲ့ ကဘူးလ်လေဆိပ် အသေခံဗုံးခွဲမှုကြောင့် လူတွေသေဆုံးပြီးနောက်မှာ အမေရိကန်ပြည်ထောင်စုက မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်းနဲ့ စတင်တိုက်ခိုက်ခဲ့ကာ အနောက်နိုင်ငံတပ်ဖွဲ့တွေလည်း နောက်ထပ်တိုက်ခိုက်မှုတွေကို ပိုလုပ်ဖို့ လေယာဉ်တွေကို ပြင်ဆင်လှုပ်ရှားနေကြပါတယ်။