ကဘူးလ်မြို့မှ အမေရိကန်စစ်တပ် စတင်ဆုတ်ခွာ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်ကနေ အမေရိကန်စစ်တပ်တွေစတင် ဆုတ်ခွာနေပြီလို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်ရဲ့ မြို့တော်က ရွှေ့ပြောင်းရေးကယ်ဆယ်ရေးက နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့လည်းဆိုပါတယ်။
တာလီဘန်တွေက ဒီလအစောပိုင်းမှာ အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းခဲ့လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံသားတွေ၊ ဘေးတွေ့နေတဲ့ အာဖဂန်နိုင်ငံသားတွေနဲ့ ထွက်ပြေးဖို့ ခက်ခဲနေတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ရေးကူညီဖို့ အမေရိကန် စစ်သည် ထောင်ချီကို လေဆိပ်ဆီ ပို့ခဲ့ပါတယ်။
ဟာမစ်ကာဇိုင်း နိုင်ငံတကာလေဆိပ် လုံခြုံရေးအတွက် အမေရိကန်စစ်သည် အင်အား ၅၈၀၀ ကို တပ်ချထားပြီး အင်္ဂါနေ့မှာ လေကြောင်းကယ်ဆယ်ရေး အဆုံးသတ်မယ်လို့ ဆိုပါတယ်။
ကဘူးလေဆိပ်ကနေ ထွက်လာမယ့် အမေရိကန်တပ်တွေဟာ အိုင်အဲ့စ် ခိုရာစန်အုပ်စုက စစ်သွေးကြွတွေက လေဆိပ်ကို တိုက်ခိုက်မယ့် ဘေးတွေကို ပိုစိုးရိမ်လာနေတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဒီအုပ်စုဟာ ဒုံးကျည်တွေ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ ကားတွေနဲ့ ပစ်မှတ်ထား နိုင်တယ်လို့လည်း ဆိုပါတယ်။
ကြာသပတေးနေ့က အိုင်အဲ့စ်စစ်သွေးကြွတွေရဲ့ အသေခံ ဗုံးခွဲမှုအပြီး အာဖဂန် အရပ်သား တယောက်နဲ့ အမေရိကန်စစ်သည် ၁၃ ယောက် သေဆုံးခဲ့ပါတယ်။
အဲဒီနောက် အမေရိကန်စစ်တပ်က ကဘူးမြို့တော်အရှေ့ဘက်က နန်ဂဟာပြည်နယ် အတွင်း အဲ့ဒီအုပ်စုဝင်တွေကို ပစ်မှတ်ထားပြီး ဒရုမ်းယာဉ်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အိုင်အဲ့စ်ခိုရာဆန်အဖွဲ့က အဆင့်မြင့် စီစဉ်ညွှန်ကြားသူ ၂ယောက်နဲ့ ချိက်ဆက် အကောင်အထည်ဖော်သူတို့ သေဆုံးပြီး တခြားလူတွေ ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် စစ်တပ် ပူးတွဲ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဝီလျံ တေလာက ပြောပါတယ်။
ကဘူးလေဆိပ်ရဲ့ စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းတွေနဲ့ ဝင်ပေါက်တွေ အားလုံးမှာတော့ အမေရိကန် စစ်တပ်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး တာလီဘန်တွေက ဘယ်အစိတ်အပိုင်းမှာမှ ထိန်းချုပ်တာဝန်ခံ မထားဘူးလို့ ပင်တဂွန် ပြောခွင့်ရက သြဂုတ် ၂၇ ရက်မှာ ပြောခဲ့ပါတယ်။
“ဆိုက်ရောက်တဲ့ နေရာတိုင်းမှာ ရာနှုန်းပြည့် စစ်ဆေးခဲ့လို့ အမေရိကန် နိုင်ငံထဲကို ရောက်လာမယ့် အာဖဂန် နိုင်ငံသားတွေကို လုံခြုံရေး စစ်ဆေးထားတဲ့ အခြေအနေအပေါ် ယုံကြည်မှု ရှိတယ် သူတို့ကြားမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကလဲ နည်းတယ်”လို့ လေတပ်ဗိုလ်ချုပ်ကြီး ဂလင်း ဗန်ဟာ့ခ်က ရုပ်သံသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။
အမေရိကန်ဟာ သြဂုတ် ၁၄ ရက်ကနေ ခုထိ ကဘူးလေဆိပ်ကနေ စုစုပေါင်း လူ ၁ သိန်း ၅ ထောင်လောက်ကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ပြီးပြီလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က သြဂုတ် ၂၇ ရက်မှာ ပြောခဲ့ပါတယ်။