ယီမင်တွင် ဆော်ဒီညွန့်ပေါင်းအဖွဲ့အခြေစိုက်စခန်း တိုက်ခိုက်ခံရ၊ ၃၀ ထက်မနည်း သေဆုံး

ယီမင်နိုင်ငံအနောက်တောင်ပိုင်းမှာ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ ပိုင်တဲ့ စစ်တပ်အခြေစိုက်စခန်းကို ဟူသီတွေက သြဂုတ် ၂၉ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် စစ်သည်အယောက် ၃၀ ထက် မနည်းသေဆုံးပြီး အယောက် ၆၀ လောက် ဒဏ်ရာရတယ်လို့ တောင်ပိုင်းစစ်တပ်တွေရဲ့ ပြောခွင့်ရနဲ့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟူသီတပ်တွေဟာ လက်နက်တပ်ဆင်ထားတဲ့ ဒရုမ်းယာဉ်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေကို သုံးပြီး အယ်လ်အာနဒ်စစ်တပ်အခြေစိုက်စခန်းကို အကြိမ်ရေ အတော်များများ တိုက်ခိုက်ခဲ့တယ်လို့ ယီမင်တောင်ပိုင်းတပ် ပြောခွင့်ရ မိုဟမ်မဒ် အယ်လ် နာကိဘ်က ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေက တိုက်ခိုက်ခံရတဲ့ နေရာကို ရှင်းနေဆဲ ဖြစ်လို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ အသေအပျောက် စာရင်းထဲမှာ အရပ်သားတွေပါ ၊ မပါ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အေဒင်ဆိပ်ကမ်းမြို့မြောက်ပိုင်း ၄၃ မိုင်အကွာမှာရှိတဲ့ အယ်လ်အာနဒ်ဒေသမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ အတော်များများ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုက်ဇ်မြို့က ဒေသခံအတော်များများကတော့ ဟူသီတွေ တပ်စွဲထားတဲ့ မြို့အရှေ့ပိုင်း ကနေ ပဲ့ထိန်းဒုံးကျည်တွေကို ဒုံးပစ်စင်တွေကနေ ပစ်လွှတ်ခဲ့တဲ့ အသံတွေ ကြားခဲ့တယ်လို့ ပြောပါတယ်။
ဟူသီတွေက ယီမင်နိုင်ငံရဲ့မြို့တော် စာနာကို ကျူးကျော်ပြီး သမ္မတအဘ်ဒယ်ရာဘူမန်ဆော် ဟာဒီရဲ့ အစိုးရကို ဖြုတ်ချအပြီး ၂၀၁၄ မှာ ယီမင်စစ်ပွဲ စတင်ခဲ့တာပါ။
ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ၂၀၁၅ မတ်လမှာ ဟာဒီ အာဏာပြန်ရရေး စွက်ဖက်ခဲ့လို့ ပဋိပက္ခ ပိုကြီးလာပြီး လူထောင်သောင်းချီ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းလည်း ဖြစ်ပွားခဲ့ ပါတယ်။