ရီးရဲလ်မက်ဒရစ်နှင့် အကြိုသဘောတူညီမှု စာချုပ်ချုပ်ဆိုထားရန် အမ်ဘာပေ စီစဉ်

ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့မဖြစ်ခဲ့ပေမယ့် လာမယ့်ရာသီမှာ ပြောင်းရွှေ့နိုင်ဖို့အတွက် အကြိုသဘောတူညီမှုရယူထားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေအတွက် ပီအက်စ်ဂျီကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၈၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက ပယ်ချခဲ့တာပါ။
အမ်ဘာပေဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး သက်တမ်းကုန်ဆုံးချိန်မှာ မက်ဒရစ်ကလပ်ဆီပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု စာချုပ်ချုပ်ဆိုထားမယ်လို့ စကိုင်းစပေါ့သတင်းမှာ ဖော်ပြပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကတော့ မိုနာကိုဆီကနေ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူခဲ့ရတဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ခွင့်ပြုမှာ မဟုတ်ကြောင်း တရားဝင်ပြောထားပါတယ်။
ဒီအခြေအနေကြောင့် အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးပြီးမှ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခွင့်ရဖို့ ရှိနေပါတယ်။
အမ်ဘာပေဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ပေမယ့် တနင်္ဂနွေနေ့က ရမ်စ်နဲ့ ကစားခဲ့တဲ့ လီဂူဝမ်းပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။