အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်၏ တရားဝင်ကမ်းလှမ်းချက်ကို ပီအက်စ်ဂျီ ပယ်ချဖွယ်ရှိ

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တရားဝင်ကမ်းလှမ်းချက်ကို ပယ်ချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းအနေနဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေ တိုက်စစ်အတွဲနဲ့ ပွဲထွက်ဖို့ ဆန္ဒရှိပြီး ရီးရဲလ်ဘက်က ကမ်းလှမ်းချက်ကို ပယ်ချသွားဖို့ရှိနေတယ်လို့ ပြင်သစ် သတင်းတွေက ဆိုပါတယ်။
တချိန်တည်းမှာပဲ အမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ ၃ ကြိမ်အထိ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်သေးဘူးလို့ သိရပါတယ်။ မက်ဒရစ်ကလပ်ဟာ အမ်ဘာပေအတွက် ပေါင် ၁၃၇ သန်းနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
နွေရာသီအပြောင်းအရွှေ့မပိတ်ခင် ရက်ပိုင်းအလိုမှာ အပြောင်းအရွှေ့ဖြစ်နိုင်တာကိုလည်း ပီအက်စ်ဂျီဘက်က စဉ်းစားထားပြီး အမ်ဘာပေ နေရာအတွက် အဲဗာတန်က ရစ်ချာလီဆင်နဲ့ အစားထိုးဖို့ လျာထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမ်ဘာပေကို ရောင်းချဖြစ်ခဲ့ရင် ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူဖို့ အလားအလာကောင်းတွေလည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။