အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ဒုတိယ ခေါင်းဆောင် ရုရှား သွားရောက်

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာ ၁ ရက်က ရုရှားနိုင်ငံကိုထွက်ခွာသွားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှာ ကျင်းပတဲ့ International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ဖို့သွားရောက်တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ရုရှားဖက်ဒရေးနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိတွေနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ အထင်ကရနေရာတွေကို သွားရောက် လေ့လာမယ်လို့လည်း ဆိုပါတယ်။

ရုရှားမှာ ဩဂုတ် ၂၂ ရက်က စတင်ကျင်းပတဲ့ International Army Games-2021 ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ စစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲ့ တင်ကားတပ်ဖွဲ့ဟာ မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)မှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အုပ်စုပွဲစဉ်မှာ အုပ်စုဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ကာ ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆက်တီးယား၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့တွေ စက်တင်ဘာ ၃ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Photo-MOI