ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားမှုကြောင့် ပိတ်ထားခဲ့ရသည့် ထိုင်းကုန်တိုက်နှင့်ဈေးဆိုင်များပြန်ဖွင့်

ထိုင်းနိုင်ငံမှာ အခုတပတ်တွင်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာသစ် အနည်းငယ်လျော့ နည်းလာတဲ့အတွက် ကိုဗစ်-၁၉ အခြေအနေကွပ်ကဲရေးဗဟိုအဖွဲ့က အနီးရင့်ရောင်အဆင့် သတ်မှတ်ထားတဲ့ ၂၉ ခရိုင်တွင်း ပိတ်ပင်ကြတ်မတ်ထားတဲ့ စည်းကမ်းချက်အချို့ကို ဖြေလျော့ ပေးလိုက်ပါတယ်။
အဆိုပါဖြေလျော့ချက်တွေကြောင့် တစ်လကျော်ပိတ်ထားခဲ့ရတဲ့ ကုန်တိုက်ကြီးတွေ၊ ဈေး ဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း စက်တင်ဘာ ၁ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်လာကြပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း Universal Prevention လို့ခေါ်တဲ့ လူတစ်ဦးချင်းကာကွယ်မှုမှ မိသားစုလိုက် ကာကွယ်စောင့်မှုစနစ်နဲ့ Covid free setting လို့ခေါ်တဲ့ ကိုဗစ်ကင်းစင်ရေး ပြင်ဆင်မှုစနစ် (ကာကွယ်ကုသခြင်း၊ လေကောင်းလေသန့်ရတဲ့နေရာမှာနေထိုင်ခြင်း၊ တဦးနဲ့တဦး ခပ်ခွါခွါနေခြင်း၊ ကာကွယ်ဆေးများထိုးနှံခြင်း၊ ပိုးရှိမရှိ အမြဲစစ်ဆေးခြင်း) စတဲ့အဓိက အချက် ၂ ချက်အောက်မှာ ဖွင့်လှစ်ရမယ်လို့ ကိုဗစ်-၁၉ ကွပ်ကဲရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါကန့်သတ်ချက်အောက်မှာ ည ၉ နာရီမှ မနက် ၄ နာရီထိ အပြင်မထွက်ရ၊ ကုန်တိုက်ကြီးနဲ့ ဈေးဆိုင်စားသောက်ဆိုင်များ ည ၈ နာရီထိသာဖွင့်လှစ်ဖို့၊ စားသောက်ဆိုင်မှာ ထိုင်စားသူတွေ မူလလက်ခံသူဦးရေ ၅၀ ရာခိုင်နှုန်းသာထားရှိဖို့၊ ခရီးသည်တင်ကားများ ထိုင်ခုံရဲ့ ၇၅ ရာခိုင်နှုန်းသာ တင်ဆောင်ဖို့၊ လူတိုင်းနှာခေါင်းစည်းတပ်ဖို့၊ ဆံပင်ညှပ်ဆိုင်မှာ ဖောက်သည် ၁ ဦးကို ၁ နာရီထက်ပိုမနေရ၊ အလှပြင်ဆိုင်များ ပစ္စည်းသာရောင်းချဖို့၊ အနှိပ်ခန်းတွေကိုလည်း ခြေဖဝါးနှိပ်ဆိုင်သာ ဖွင့်လှစ်ခွင့်ရှိမယ် စတဲ့ သတ်မှတ်ချက်တွေ ရှိပါသေးတယ်။
ဖြေလျော့ဖွင့်လှစ်ပေးတဲ့ထဲမှာ ရုပ်ရှင်ရုံ၊ ကျူရှင်ခန်း၊ ကလေးကစားရုံ၊ ကိုယ်လက်လှုပ်ရှား အားကစားခန်း၊ ရေကူးကန်၊ အစည်းအဝေးခန်းနဲ့ တည်ခင်းဧည့်ခံပွဲတွေ မပါဝင်သေးပါဘူး။ လေဟာပြင် အားကစားကွင်းနဲ့ ပြည်သူ့ပန်းခြံတွေလည်း လူဦးရေအကန့်အသတ်နဲ့ ဖွင့်လှစ်ရမယ်လို့ ဆိုပါတယ်။
စည်းကမ်းသတ်မှတ်ချင်ဖြေလျော့ပေးတဲ့ ၂၉ ခရိုင်မှာ ဘန်ကောက်၊ နခွန်းပထုန်၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ စမွတ်စခွန်း၊ နာရာသီဝပ်၊ ပတ္တနီ၊ ယာ့လား၊ ဆုန်ခလာ၊ ချချိန်းဆောဝ်း၊ ချွန်းပူးရီး၊ အယုဒ္ဓယ၊ နခွန်းရာ့ချ်ဆီမား၊ ရယောင်း၊ ရာ့ချ်ပူရီ၊ ဆလာပူရီ၊ ဆုဖန်းပူရီ၊ ဖစ်ချ်ဘွန်း၊ ကန်ကျနပူရီ၊ လုပ်ပူရီ၊ ပရကျူတ်ခီရီခန်၊ ပရာကျင်းပူရီ၊ ဖစ်ချ်ပူရီ၊ တာ့ခ် ၊ အန်ထောင်း၊ ဆင်းပူရီ၊ နခွန်းနားယုဒ်၊ ဆမွတ်ဆုန်ခန်း စတဲ့ခရိုင်တွေ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ စက်တင်ဘာ ၂ ရက် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ပိုးတွေ့သူအသစ် ၁၄၉၅၆ ဦး၊ သေဆုံးသူ ၂၆၂ ဦးရှိပြီး မနှစ်ကစ ဒီကနေ့ထိ ပိုးကူးစက်ခံရသူပေါင်း ၁,၂၃၄,၄၈၇ ဦး၊ သက်သာပျောက်ကင်းသူပေါင်း ၁,၀၅၈,၇၀၄ ဦး၊ သေဆုံးသူပေါင်း ၁၂,၁၀၃ ဦး ရှိပါတယ်။ ၂၀၂၁ စက်တင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၃၃,၄၂၇,၄၆၃ ဦးရှိတယ်လို့ ဆိုပါတယ်။
ကိုးကား -