ယူကေတွင် တစ်ရက်တည်း ကိုဗစ်-၁၉ ဖြင့်သေဆုံးသူ ၂၀၀ ကျော်၊ ၆ လအတွင်း အမြင့်ဆုံး စံချိန်တင်

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံး သူ ၂၀၀ ကျေိာ်ရှိခဲ့ပြီး ဒါဟာ ၆ လအတွင်း အမြင့်ဆုံးစံချိန်တင် သေဆုံးမှုဖြစ်တယ်လို့ ဆိုပါတယ်။
တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၃၅,၆၀၀ ကျော် ရှိခဲ့ပြီး ယူကေနိုင်ငံဟာလည်း တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ ဒယ်လ်တာ ကိုဗစ်-၁၉ မျိုး ကွဲကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ရက်တုန်းကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအယောက် ၅၀ ရှိနေခဲ့တာ ဖြစ်ပါတယ်။
ယူကေနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုအသစ်ကတော့ ၃၀,၀၀၀ အထက်မှာ ရှိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာတော့ ၅၅,၀၀၀ နီးပါးထိ အမြင့်ဆုံး ကူးစက် ခဲ့ပါတယ်။
အဆိုးဝါးဆုံး သေဆုံးမှုအဖြစ် အခုနှစ်ဆန်း ဇန်နဝါရီလတုန်းက ၇ ရက်ဆက်တိုက် ပျမ်းမျှလူ ၁,၂၀၀ နဲ့အထက် သေဆုံးခဲ့ပြီး စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
ယူကေအစိုးရရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုင်ငံ့လူဦးရေရဲ့ အသက် ၁၆ နှစ်အထက် ၈၈ ဒသမ ၅ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးဖြစ် ကာ ၇၈ ဒသမ ၉ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်တယ်လို့ ဆို ပါတယ်။
ယူကေနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၆ ဒသမ ၈၂ သန်းကျေိာ်၊ သေဆုံးသူပေါင်း ၁ သိန်း ၃ သောင်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူပေါင်း ၅ သန်းခွဲကျော် ရှိနေတာပါ။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၉ ဒသမ ၂၈ သန်း ကျော်၊ သေဆုံးသူပေါင်း ၄ သန်းခွဲကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်း သက်သာလာသူ ပေါင်း ၁၉၆ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။