close

တရုတ်ယွမ်ငွေစျေးမြင့်တက်နေသဖြင့် မူဆယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများထပ်မံစျေးတက်နေ

မြန်မာကျပ်ငွေနဲ့  လဲလှယ်ရာမှာ တရုတ်ငွေယွမ်စျေး မြင့်တက်နေပြီး မြန်မာကျပ်ငွေစျေးကျနေတာကြောင့် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ​မူဆယ်မြို့မှာ ကုန်ပစ္စည်းဈေးနှုန်းတွေဟာ တရုတ်ငွေစျေးအတိုင်း ထပ်မံမြင့်တက်နေပါတယ်။

“တရုတ်ငွေစျေးက အရမ်းတက်နေပြီ ၊ အရင်က ၁၀၀၀ ဝယ်ရတဲ့ ပစ္စည်းက ၁၅၀၀ ဖြစ်နေပြီ၊ ၆၀၀၀ တန်က ၁၂၀၀၀ အထိပေးနေရပြီ၊  ကုန်စျေးနှုန်းတွေတက်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်ငွေစျေးတက်တာကြောင့် တရုတ်​ငွေကို အဓိကထားသုံးတဲ့ မူဆယ်မြို့မှာ တရုတ်ငွေစျေးအတိုင်းကုန်ပစ္စည်းတွေကို ပေးဝယ်နေရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မူဆယ်က ကုန်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးက “တရုတ်စျေးတက်တော့ ပစ္စည်းတွေလည်း စျေးတင်ရောင်းရတယ်။ ပစ္စည်းပြန်ဝယ်ရင်လည်း တရုတ်စျေးအတိုင်းပေးဝယ်ရတယ်။ အဲ့တော့ အောင်းနေတဲ့သိုထားတဲ့ ပစ္စည်းတွေကစ စျေးတင်ရောင်းရတယ်။ စျေးကျတော့လည်း ကျတဲ့စျေးနဲ့ရောင်းရတာပဲ”လို့  ဆိုပါတယ်။

တရုတ်ငွေစျေးတွေက ၂၀၂၁ ခုနှစ် မေလကစပြီး ယွမ် ၁၀၀  ကို  ကျပ် ၂၄၀၀၀ ကျပ်အထိ တက်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၅ ရက် မှာတော့ ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ်  ၂၉၀၀၀ အထိ ဈေးပေါက်နေ ပါတယ်။

ငွေလဲလှယ်ပေးသူတစ်ဦးက “ခုချိန်က တရုတ်ငွေလဲသူတွေတော့ ပိုရတာပေါ့။ မြန်မာငွေကနေ တရုတ်ငွေ လဲတဲ့သူကျတော့ ရှုံးပြီ၊ အရင်က ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ်  ၂၀၀၀၀  ပဲရှိတာ ၊ ခုက ၂၉၀၀၀ ထိဆိုတော့ မြန်မာငွေကနေ တရုတ်ငွေလာလဲတဲ့သူ နည်းသွားတယ်”လို့  ဆိုပါတယ်။

မူဆယ်မြို့မှာ စက်တင်ဘာလ ၅ ရက် အထိ တရုတ်ငွေလဲလှယ်နှုန်းက ယွမ် ၁၀၀ ကို မြန်မာငွေ ကျပ် ၂၉၀၀၀ အထိရှိနေပြီး မူဆယ်မြို့နာရီစင်အနီးမှာ ငွေလဲလှယ်နှုန်းက ကျပ် ၂၉၀၀၀ ရှိနေပေမဲ့ တရုတ်မြန်မာနယ်စပ်ဂိတ် နန်းတော်ပေါက်အနီးမှာတော့ ယွမ် ၁၀၀ကို  မြန်မာငွေ ကျပ် ၂၈၇၀၀ ထိရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up