မုံရွာမြို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အေးသာယာရပ်မှာ စက်တင်ဘာလ ၅ ရက် ညနေပိုင်းမှာ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အေးသာယာရပ်ကွက် အမှတ် (၁) မှာ အိမ်ငှားသူတွေဖြစ်ပြီး ချင်းပြည်နယ်က ပြောင်းလာတာ ၁ လလောက်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
အေးသာယာရပ်ကွက်နေ ပြည်သူတစ်ဦးက “ကျနော်တို့ အေးသာယာရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေရောက်လာတယ်။ စစ်ကောင်စီတပ်တွေနဲ့အတူ သတင်းပေးအမျိူးသမီး တစ်ယောက်လည်း ပါတယ်။ အေးသာယာရပ်ကွက် အမှတ် (၁) မှာ အိမ်ငှားသူတွေ လာဖမ်းတယ်၊ အိမ်ပိုင်ရှင် အဘွားကြီးကို လက်ထိတ်အရင်ခတ်ထားတယ်။ အဲဒီနောက် အဲဒီမှာ အိမ်ငှားနေတဲ့ အမျိုးသား သုံးဦးကို ဖမ်းဆီးသွားတယ်။ အိမ်ရှင်ကိုတော့ မေးပဲမေးတာ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ၃ ဦးကို ဘာကြောင့် ဖမ်းတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့ရပ်ကွက်တွေမှာ နေ့စဉ် ဝင်ရောက် ရှာဖွေတာပြုလုပ်နေပြီး ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ဆေးတာလည်း လုပ်ဆောင်နေပါတယ်။