အင်ဒိုနီးရှား အကျဉ်းထောင် မီးလောင်၊ အကျဉ်းသား ၄၁ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းပေါ်က အကျဉ်းထောင်မှာ ဒီကနေ့မနက်အစောပိုင်းက မီးလောင်မှုတခု ဖြစ်ခဲ့တာကြောင့် အကျဉ်းသား ၄၁ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါအကျဉ်းထောင်ဟာ အင်ဒိုနီးရှားမြို့တော် ဂျကာတာအပြင်ဘက်မှာ တည်ရှိပြီး အကျဉ်းသားတွေ အများစု အိပ်ပျော်နေချိန် အစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“အကျဉ်းသား ၄၁ ယောက် သေဆုံးသွားခဲ့ပြီး ၈ ယောက်ကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ နောက်ထပ် အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရရှိသူ ၇၂ ယောက်ရှိပါတယ်”လို့ ဂျကာတာရဲချုပ် ဖာဒိလ်အင်မ်ရန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လတ်တလောမှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ထားပြီး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးပေးခန်းမှာ ဆေးဝါးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။
မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းနေဆဲ ဖြစ်ကာ အခင်းဖြစ်တဲ့နေရာမှာ ကနဦး စစ်ဆေးတွေ့ရှိရသလောက် ဒါဟာ လျှပ်စစ်ဝါယာရှော့ခ်ကြောင့် ဖြစ်နိုင်တယ်လို့ အင်မ်ရန်က ပြောပါတယ်။