မက္ကဆီကိုတွင် အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၄ ရှိ ငလျင်လှုပ်ခတ်

မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ဂွါရဲရိုပြည်နယ် အကာပါလ်ကို အပန်းဖြေစခန်းမြို့နားမှာ စက်တင်ဘာ ၇ ရက်ညက အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၄ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်း USGS က ပြောပါတယ်။
ငလျင်ကြောင့် လမ်းတွေပေါ်ကို ကျောက်တုံးတွေ ပြုတ်ကျခဲ့ပြီး မြေပြိုတာတွေ ဖြစ်ခဲ့တယ်လို့ ဂွါရဲရိုပြည်နယ် အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
မြို့ထဲမှာ အဆောက်အအုံ ထိခိုက်တာတွေ ရှိတယ်လို့ မျက်မြင်သက်သေ တယောက်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြို့တော်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှု အစီရင်ခံစာ မတက်လာသေးဘူးလို့ မက္ကဆီကိုစီးတီး မြို့တော်ဝန်က ပြောပါတယ်။
မက်ဆီကိုစီးတီးမြို့မှာ အဆောက်အအုံတွေ ယိမ်းထိုးနေခဲ့ပြီး လူတွေ လမ်းပေါ် ပြေးထွက်ခဲ့ရတာပါ။
ငလျင်ဟာ မြေအောက် အနက် ၇ ဒသမ ၈မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့လို့ အင်မတန် တိမ်တဲ့အနက် ဖြစ်ခဲ့တဲ့အတွက် လှုပ်ခါမှု ပိုများလိမ့်မယ်လို့ USGS က ပြောခဲ့ပါတယ်။