မူးယစ်ဂိုဏ်းခေါင်းဆောင်ဟောင်းကို မက္ကဆီကိုသို့ အမေရိကန်အစိုးရ ပြန်လွှဲအပ်

အမေရိကန်အစိုးရဟာ မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်ဟောင်း အက်ဒွါဒို အေရယ်လာနို ဖီးလစ်ခ်ကို မက္ကဆီကို အစိုးရဆီ သြဂုတ် ၂၃ ရက်က လွှဲပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ အယ်လန်တောင်းက ပြည်ထောင်စု ထောင်ထဲမှာ ထောင်ဒဏ်ကျခံအပြီး အုပ်စုဖွဲ့ ရာဇဝတ်မှု အပါအဝင် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ မက္ကဆီကိုနိုင်ငံဆီ လွှဲပေးလိုက်တာပါ။
မက္ကဆီကို စစ်တပ်နဲ့ ရှေ့နေချုပ်ရုံး FGR တို့က ဖီးလစ်ခ်ကို ဘရောင်းစ်ဗယ်လီနဲ့ မာတာမိုရော့စ် နယ်စပ်စခန်းမှာ လက်ခံယူခဲ့ပြီး လုံခြုံရေးအမြင့်ဆုံး အယ်လ်အော်တီပလာနိုထောင်ကို ပို့ခဲ့တယ်လို့ FGR က ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် အစိုးရက ဖီးလစ်ခ်ကို မူးယစ်ကုန်ကူးမှုနဲ့ ငွေဖြူ ခဝါချမှုတွေအတွက် ၂၀၀၃ ခုနှစ်မှာ စွဲချက်တင်ခဲ့ပြီး သူ့ကို ဖမ်းမိရင် အမေရိကန် ဒေါ်လာ ၅ သန်းပေးမယ်လို့ ဆုငွေထုတ်ခဲ့တာပါ။
သူ့ကို ၂၀၀၈ ခုနှစ်မှာ တီဟွာနာမြို့အတွင်း ပစ်ခတ်မှုအပြီး မက္ကဆီကို လုံခြုံရေးတပ်တွေက ဖမ်းခဲ့ပြီး ၂၀၁၂ မှာတော့ သူ့ကို အမေရိကန်နိုင်ငံဆီ လွှဲပေးခဲ့တာပါ။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မူးယစ်ဂိုဏ်းအတွက် ငွေကြေးခဝါချမှုနဲ့ အပြစ်ရှိကြောင်း သူက ဝန်ခံခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ သူ့ကို ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
သြဇာရှိချိန်မှာ ဖီးလစ်ခ်ဟာ အမေရိကန်ဒေါ်လာ သန်းရာချီ တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ကုန်ကူးခဲ့ပါတယ်။ တခြား အားကောင်းတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ မိတ်ဘက်ပြုအပြီးမှာ သူ့အဖွဲ့အစည်းဟာ ဆက်ပြီး လုပ်ငန်းလည်ပတ်နေခဲ့ပါတယ်။