close

မွန်ပြည်သစ်နှင့်ကေအန်ယူနယ်မြေဘက်သွားသည့် ဆန်ကားများကို စစ်တပ်က စစ်ဆေးဖမ်းဆီး

ရေး-ထားဝယ်ကားလမ်း မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေက ဆန်တင်သွင်းလာတဲ့ကားတွေကို အဓိက ပိတ်ဆို့တားဆီး ဖမ်းဆီးနေတာကြောင့် ရိက္ခာပြတ်လပ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရေး-ထားဝယ် ကားလမ်း မြစ်ကူးတံတားဘေးရှိ နေရာမှာ စစ်ကောင်စီတပ်က လုံခြုံရေး ပိုမိုတင်းကျပ်ပြီး ဆန်ကားတွေကို စက်တင်ဘာ ၈ ရက် နေ့ညက စတင်ပြီး စစ်ဆေးခဲ့သလို ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ ဆန်ကားတွေလည်းရှိတယ်လို့  ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံ ခြံသမားတဦးက “ဒီလမ်းကနေပဲ ခြံပစ္စည်းတွေ သယ်ပို့သွားလာနေရသလို ဆန်ကားတွေကိုပါ ၂ စီးလောက် ဖမ်းခံရတယ်။ ဆန်တွေပါ ပေးမဝင်ရင်တော့ ကျနော်တို့ရွာသားတွေနဲ့ ခြံသမားတွေမှာ ရိက္ခာပြတ်လပ်ပြီး ဘာမှဝယ်ရ စားရမှာလဲ၊ ၀ယ်စရာမရှိရင် ငတ်ပြီး သေရမလို့ စစ်ပါတခါထပ်ဖြစ်ရင်တော့ ခြံအလုပ်လည်း မလုပ်ရဘူးဆိုတော့ ဘာဝင်ငွေမှ မရှိတော့စိုးရိမ်မိတယ်။”

အမည်မဖော်လိုသူ ဆန်ရောင်းချသူတဦးက “ကျမတို့ ဆန်ကို ပုံမှန်ဈေးပဲ ရောင်းတယ်။ အခုချိန်က စျေးတွေ တက်တယ်၊ လမ်းပါ ထပ်ပိတ်မယ်ဆိုရင် ဆန်ဈေးက ပုံမှန်ဈေးထက် တက်သွားမှာရယ်။ အခုဆိုရင် ဆန်တွေ ဝယ်ယူတဲ့သူများတော့ ဆန်တွေ ပြတ်လပ်မှာကိုလည်း စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ပြီးတဲ့ရက်က စစ်ကောင်စီတပ်တွေ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဘက်ကို စစ်ကြောင်းထိုးပြီးတဲ့နောက် PDF ရှိနိုင်မယ့် နေရာတွေကို စစ်ဆင်ရေး စတင်လှုပ်ရှားလာခဲ့တယ်လို့ သိရပါတယ်။

NUG က D-Day အရေးပေါ် ကြေညာပြီးတဲ့နောက် အချိန်မရွေး စစ်ရေးလှုပ်ရှားနိုင်တာကြောင့် စစ်ကောင်စီတပ်နဲ့  နီးတဲ့ ဒေသခံပြည်သူတွေ စတင်ပြောင်းရွှေ့ထားဖို့၊ မလိုအပ်ဘဲ ခရီးမသွားကြဖို့နဲ့ ရေးမြို့ PDF က သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up