ကိုဗစ်ကူးစက်ခံ လုပ်သားများအပေါ် လုပ်အားခဖြတ်သည် ထိုင်းအလုပ်ရှင်များ အရေးယူခံရမည်

အလုပ်ရှင်တွေအနေနဲ့ ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရတဲ့ မိမိအလုပ်သမားတွေအပေါ်မှာ လုပ်အားခနဲ့ အခြားဝန်ဆောင်မှုတွေ လျှော့ချဖြတ်တောက်ပါက အလုပ်သမားကာကွယ်ရေး ဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။
ကိုဗစ် - ၁၉ ကူးစက်ရောဂါပြန့်ပွားနေတဲ့ကာလမှာ အချို့အလုပ်ရှင်တွေဟာ ပိုးကူးစက်ခံရတဲ့ အလုပ်သမားတွေကို လစာဖြတ်တောက်တာ၊ လုပ်အားခလျှော့ချတာ၊ အပိုဆုကြေး မပေးတာတွေရှိနေတယ်လို့ သိရကြောင်း၊ အလုပ်ရှင်တွေအနေနဲ့ မိမိလုပ်ငန်းခွင်မှာ ကိုဗစ် - ၁၉ ကင်းဝေးရေးနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေ သတ်မှတ်ခွင့်ရှိပေမယ့်လည်ေ ရောဂါပိုးကူးစက်ခံရသူအလုပ်သမားတွေပေါ် အထက်ပါဝန်ဆောင်မှုတွေ ဖြတ်တောက်ခွင့်မရှိဘဲ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၇၆ နဲ့လည်း ငြိစွန်းတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က ပြီးခဲ့တဲ့ ရက်ပို င်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါကြောင့် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနကနေ သက်ဆိုင်ရာအလုပ်ရှင်တွေဆီ အသိပေးအကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အဆိုပါအချက်အတိုင်း မလိုက်နာတဲ့ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမား စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၁၄၄/၁ အရ ၆ လထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁၀၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံးကျခံရမယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဝန်ဆောင်မှုလျှော့ချခံရတဲ့ အလုပ်သမားတွေအနေနဲ့လည်း အလုပ်သမားစစ်ဆေးရေး ဌာနကို တိုင်ကြားနိုင်ပြီး အလုပ်သမားရေးရာ အရေးပေါ် ဖုံးနံပါတ် ၁၅၀၆ ကိုလည်း ၂၄ နာရီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။