အာဖဂန်တွင် လက်နက်ခဲယမ်းအရောင်းပြပွဲ ကျင်းပ

အာဖဂန်နစ္စန်နိုင်ငံက ကန်ဒဟာပြည်နယ်မှာ လက်နက်ကုန်သည်တွေက သေနတ်တွေနဲ့ ခဲယမ်း မီးကျောက်တွေကို ခင်းကျင်းပြသခဲ့ကြပါတယ်။
ကုန်သည်တယောက်ကတော့ သူဟာ ဒီကုန်စည်တွေကို တာလီဘန်တွေနဲ့ ဖောက်သည်တွေဆီ ရောင်းနေတာလို့ ပြောပါတယ်။
ဒီလက်နက်တွေဟာ နိုင်ငံအတွင်း စစ်ဆေးရေး စခန်းတွေနဲ့ တခြားနေရာတွေကနေ စီးနင်းလုယက်ထားတဲ့ လက်နက်တွေဖြစ်ပြီး လုယက်လာသူက သူတို့ဆီကို လာရောင်းတယ်လို့ လက်နက်ကုန်သည် ခိုဒေးဒက်ဒ်က ပြောပါတယ်။
သူဟာ တာလီဘန်တွေ အာဖဂန်တနိုင်ငံလုံးကို မသိမ်းခင်က ကုန်ခြောက်ဆိုင် ပိုင်ရှင် ဖြစ်ခဲ့သူပါ။
လက်နက်တွေထဲမှာ တရုတ်နဲ့ ရုရှားက သေနတ်တွေလည်း ပါပါတယ်။
တာလီဘန်တွေဟာ အာဖဂန်အစိုးရအဖွဲ့သစ်အတွက် ထိပ်တန်းရာထူးနေရာတွေကို ဘယ်သူတွေ ယူလိုက်တယ်ဆိုတာ အင်္ဂါနေ့က ထုတ်ဖော် ကြေညာခဲ့ပါတယ်။
တာလီဘန်အဖွဲ့ကို တည်ထောင်သူရဲ့ လက်ထောက်က ဝန်ကြီးချုပ်ဖြစ်လာပြီး အမေရိကန်ရဲ့ အကြမ်းဖက်သမား စာရင်းထဲက အလိုရှိသူ တဦးကတော့ ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။