အတိုက်အခံများ တပ်စွဲထားသည့် ပန်ရှီယာတောင်ကြားကို ထိန်းချုပ်နိုင်ပြီဟု တာလီဘန် ပြော

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေက ကဘူးလ်မြို့တော် အရှေ့မြောက်ဘက်က ပန်ရှီယာ တောင်ကြားမှာ တပ်စွဲထားတဲ့ အတိုက်အခံတပ်တွေအပေါ် အောင်ပွဲခံခဲ့ပြီးပြီလို့ စက်တင်ဘာ ၆ ရက်မှာ အခိုင်အမာ ပြောလိုက်ပါတယ်။
အာဖဂန် တနိုင်ငံလုံးအပေါ် သိမ်းပိုက်မှု ပြီးစီးပြီဖြစ်လို့ အစိုးရသစ် မကြာခင် ဖွဲ့တော့မယ်လို့လည်း ကတိပြုလိုက်ပါတယ်။
ပန်ရှီယာ ခေါင်းဆောင် အာမဒ်မာဆွဒ် ဦးစီးတဲ့ အာဖဂန်အမျိုးသားခုခံရေးတပ်ဦးနဲ့ ရက်ချီ တိုက်ပွဲဝင်အပြီး တာလီဘန်တွေဟာ ပန်ရှီယာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး ပရဝဏ်ရဲ့ ဝင်ပေါက်ရှေ့မှာ ရပ်နေတဲ့ပုံတွေကို လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ အစောပိုင်းက တွေ့ရတာပါ။
ပန်ရှီယာ ဒေသခံတွေဟာ ပတ်ရှ်တွန် တိုင်းရင်းသားအများစု ပါဝင်တဲ့ တာလီဘန်တွေနဲ့ မျိုးနွယ်စုချင်း ခြားနားနေပြီး ၁၉၉၆-၂၀၀၁ တာလီဘန်အစိုးရ အုပ်ချုပ်ချိန်က တိုက်ခိုက်ခဲ့ဖူးပါတယ်။
တာလီဘန်တွေကတော့ သူတို့က ပန်ရှီယာ ဒေသခံတွေကို ခွဲခြားဖိနှိပ်တာမျိုးလုပ်မှာ မဟုတ်ဘူးလို့ အာမခံ ပြောဆိုထားပါတယ်။
ထွက်ပြေးတဲ့ အရပ်သားတွေ အိမ်တွေဆီ ပြန်လာကြဖို့ကိုလည်း တာလီဘန်ခေါင်းဆောင် မူလာ ဟိဒါယတ် အူလာဘာဒါက တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ အာဖဂန်အစိုးရစစ်တပ်ထဲက အကြွင်းအကျန်တပ်တွေနဲ့ ဒေသခံ ပြည်သူ့စစ်တွေကို ဦးဆောင်နေတဲ့ မာဆွတ်ကတော့ အရှုံးမပေးဘဲ ဆက်ပြီး အာခံနေဆဲဖြစ်ပြီး သူ ဘယ်ရောက်နေတယ်ဆိုတာ မသိရဘဲ ဘေးကင်းတယ်လို့သာ ပြောထားပါတယ်။
မာဆွဒ်နဲ့ အာဖဂန် ဒုသမ္မတဟောင်း အမ်ရူလာဆာလေးတို့ဟာ အိမ်နီးချင်း တာဂျစ်ကစ္စတန် နိုင်ငံထဲကို ထွက်ပြေးလွတ်မြောက်သွားပြီလို့ သိထားကြောင်း တာလီဘန် ပြောခွင့်ရက ဆိုပါတယ်။