close

မြန်မာအာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သူများကို ထိုင်းအစိုးရက ဖမ်းဆီးရန် စီစဉ်နေ

ထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီကိုဆန့်ကျင်တဲ့ တရားမဝင် ခိုလှုံနေသူတွေကို ဖမ်းဆီးဖို့စီစဉ်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပံ့မှုပေးမှသာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံလိမ့်မယ်လို့ အေးရှားနယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ တင်းမာမှုတွေနဲ့ပဋိပက္ခတွေဟာ သမိုင်းအစဉ်အဆက် ထိုင်းနိုင်ငံကို ရိုက်ခတ်ခဲ့ပေမယ့် အရင်တုန်းက မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ဆိုးကာလအတွင်း ထိုင်းဟာ အတိုက်အခံတွေအတွက် ခိုလှုံရာနေရာတစ်ခုဖြစ်ခဲ့တာပါ။

အခုချိန်မှာတော့ ထိုင်းအစိုးရဟာ မြန်မာစစ်ကောင်စီရဲ့အတိုက်အခံတွေအတွက် နေရာမပေးတော့ဖို့ စီစဉ်လာပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သူတွေကို ဖော်ထုတ်ဖမ်းဆီးချင်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံသူ အနည်းအကျဉ်းကိုသာ လက်ခံမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ရန်ပုံငွေထောက်ပံ့နေသမျှ အချိန်အကန့်အသတ်တစ်ခုအတွက်သာ လက်ခံပေးမှာဖြစ်တယ်လို့ ထိုင်းအစိုးရက ဘန်ကောက်ရှိ နိုင်ငံခြားသံရုံးတွေကို အကြောင်းကြားခဲ့ပါတယ်။

ဒါဟာ ထိုင်းအာဏာပိုင်တွေ လက်ခံကျင့်သုံးတဲ့ ပုံမှန်စည်းမျဉ်းဖြစ်ပေမယ့် ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံသား အများအပြားကို ဆယ်စုနှစ်များစွာ လက်ခံထားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်မှာတော့ သူတို့ကို ပြည်တော်ပြန်ကြဖို့ စတင်တွန်းအားပေးလာပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေဟာ လတ်တလောအချိန်ထိကို မြန်မာအတိုက်အခံတွေအပေါ် သဘောထားပျော့ပြောင်းခဲ့ပြီး သူတို့တွေကို လက်နက်မကိုင်ဆောင်စေပဲ သူတို့နိုင်ငံရဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေအပေါ် လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။အဲဒီအထဲမှာ လွတ်လပ်တဲ့လူထုမီဒီယာလည်း ပါဝင်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ အမျိုးညီညွတ်ရေးအစိုးရဟာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ပြီး စစ်ကြေညာလိုက်ပြီးနောက်မှာ အခြေအနေတွေက ပိုမိုဆိုးရွားရှုပ်ထွေးလာတယ်လို့ ဆိုပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံအတွက် အနောက်ဘက် နယ်နိမိတ်တွေကနေ ဒုက္ခသည်အသစ်တွေ စီး၀င်လာနိုင်တဲ့ အလားအလာဟာ အထူးသဖြင့် ကပ်ရောဂါအခြေအနေ ရှုထောင့်ကနေကြည့်ရင် အတော်လေး ကြောက်စရာကောင်းနေတယ်လို့ ဆိုပါတယ်။

ခုချိန်ထိ ပြည်ပရောက်မြန်မာအုပ်စုတွေနဲ့ မီဒီယာတွေဟာ ထိုင်းနိုင်ငံကိုသာ မှီခိုအားထားနေခဲ့ပြီး၊ ခုတော့ ထိုင်း၀န်ကြီးချုပ် ပရာယုသ်ကျန်အိုချာနဲ့ မြန်မာစစ်တပ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပုဂ္ဂိုလ်ရေးအရ အဆင်ပြေနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up