ထိုင်းသို့ တရုတ်ထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကို တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိလာခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်ကတဆင့် ရောက်ရှိလာတဲ့ ဒီကာကွယ်ဆေးတွေကို အဖွဲ့အစည်းတွေ၊ ဆေးရုံတွေရဲ့ လိုအပ်ချက်အလိုက် ဖြန့်ဝေပေးသွားမယ်လို့ ချူလာ ဘွန်တော်ဝင်ဆေးသိပ္ပံက ပြောပါတယ်။
ဒါဟာ တရုတ်အစိုးရနဲ့ ပူးပေါင်းမှုအရ ၉ ကြိမ်မြောက် ကာကွယ်ဆေးရောက်ရှိလာ ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို ကာကွယ်ဆေး ၁၅ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၃ သိန်းကျော်၊ သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။