ရုရှားဦးဆောင်သည့် ၄ နိုင်ငံအဖွဲ့ ကာဇက်စတန်တွင် စစ်ရေးလေ့ကျင့်

ရုရှား ဦးဆောင်တဲ့ စုပေါင်းလုံခြုံရေးအဖွဲ့အစည်း The Collective Security Treaty Organisation ရဲ့ CSTO အဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်တွေဟာ ကာဇက်စတန်နိုင်ငံထဲမှာ စက်တင်ဘာ ၉ ရက်ကစပြီး စစ်ရေးလေ့ကျင့်နေခဲ့ပါတယ်။
အလယ်အာရှဒေသအတွင်း အကြမ်းဖက်ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေကို စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ လေ့ကျင့်နေတာပါ။
CSTO အဖွဲ့ဝင် ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နဲ့ ရုရှားတို့က ပူးပေါင်းတပ်တွေဟာ လေတပ်ရဲ့ အကူအညီနဲ့ မြေပြင် စစ်ဆင်ရေးကို လေ့ကျင့်ခဲ့ကြပါတယ်။
“ကျနော်တို့နိုင်ငံတွေနဲ့ အာဖဂန်နစ္စတန်ကြား နယ်စပ်မှာ ပြဿနာရှိတယ်ဆိုတာ ကျနော်တို့ သတိထားရမယ်။ အခြေအနေက မတည်ငြိမ်ဘူး” လို့ CSTO ပူးတွဲ့အဖွဲ့ရဲ့ အကြီးအကဲ အနာတိုလီ စီဒိုရို့ဗ်က ပြောပါတယ်။
စစ်ရေးလေ့ကျင့်ရာမှာ အခြေစိုက်စခန်းကို တိုက်ခိုက်မှု ပုံစံငယ်အတွက် S-300 လေကြောင်းရန် ကာကွယ်ရေးစနစ် စမ်းသပ်ပစ်လွှတ်တာလည်း ပါတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီလထဲမှာ အာဖဂန်နယ်စပ် နဲ့နီးတဲ့ ရုရှားနိုင်ငံဟာ စစ်ရေး ၃ ကြိမ် လေ့ကျင့်ခဲ့တာပါ။
လာမယ့်လမှာတော့ ရုရှားစစ်တပ် အခြေစိုက်စခန်း တည်ရှိရာ ကာဂျစ်စတန်နိုင်ငံထဲမှာ နောက်ထပ် စစ်ရေးလေ့ကျင့်မှုတရပ်ကို CSTO က ဆင်နွှဲဖို့ ပြင်ဆင်ထားပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာအပြီး ဒေသတွင်း လုံခြုံရေး ဘေးအန္တရာယ်တွေ ပိုတိုးလာနေလို့ ရုရှအစိုးရဟာ CSTO အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူက အရင်သီတင်းပတ်က ပြောပါတယ်။