ဂန္ထဝင်ဘောလုံးအကျော်အမော် ပီလီ ကျန်းမာရေး ပြန်ကောင်း

ဂန္ထဝင် ဘရာဇီးဘောလုံးအကျော်အမော် အသက် ၈၀ အရွယ် ပီလီရဲ့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာတယ်လို့ ဆာပေါ်လိုမြို့မှာရှိတဲ့ အဲလဘတ်အိုင်းစတိုင်း ဆေးရုံက သတင်းထုတ်ပြန်ပါတယ်။
ပီလီဟာ အသက်ရှူ မူမမှန်ဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေကြောင့် သောကြာနေ့ မနက်ပိုင်းက ဆေးရုံကို အရေးပေါ် တင်ထားရတာပါ။
ပီလီဟာ ဒီတပတ်အစောပိုင်းလေးကပဲ အူမကြီးအကျိတ်ကို ခွဲစိတ်မှုခံယူခဲ့ရပြီး အသက်ရှူတာ ပုံမှန်မဟုတ်လို့ ဆေးရုံတင်လိုက်ရတဲ့အတွက် သတင်းတွေမှာ စိုးရိမ်ရကြောင်း ရေးသားကြပါတယ်။
ဆေးရုံရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ ပီလီဟာ အသက်ရှူ ပုံမှန်မဖြစ်တဲ့ ဝေဒနာ ခဏတာကြုံခဲ့ရပြီး အိုင်စီယူ-အထူးကုသဆောင် ကုသမှုခံယူခဲ့ရာက တဖြည်းဖြည်း သက်သာလာပြီး အခုတော့ တည်ငြိမ်တဲ့ အနေအထား ရှိနေတယ်လို့ ဆိုပါတယ်။
ပီလီရဲ့ သမီးဖြစ်သူ ကိုင်လီ နက်စီမန်တိုက ပြည်သူချစ်တဲ့ သူမ ဖခင် ဘောလုံးသမားကြီးရဲ့ ကျန်းမာရေး ပြန်ကောင်းလာမှာ သေချာတယ်လို့ အင်စတာဂရမ်မှာ ရေးသားထားပါတယ်။
သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ကြတဲ့ ပီလီဟာ ဒီနှစ်တွေအတွင်း အကူအညီမပါဘဲ လမ်းမလျှောက်နိုင်တဲ့အထိ ကျန်းမာရေး ဆိုးလာပြီး ကိုဗစ်-၁၉ ကပ်ဘေး မတိုင်ခင်ကတည်းက လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။