နာမည်ကျော် ဘာလီကျွန်းကို အောက်တိုဘာလ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကာလရှည်ကြာ ပိတ်ထားခဲ့ရတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ရာ အင်ဒိုနီးရှားနိုင်ငံက နာမည်ကျော် ဘာလီကျွန်းအပါအဝင် တခြား နေရာတွေကို အခုလကုန် အောက်တိုဘာလထဲမှာ ပြန်လည်ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ အစိုးရအဖွဲ့ဝန်ကြီး လူဟပ် ပန်ဂျိုက်တန်က ပြောပါတယ်။
နိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း သိသိသာသာ လျော့ကျလာချိန်မှာ ခုလို ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နယ်စပ်ဒေသတွေကိုလည်း မျိုးဗီဇကွဲ ဒယ်လ်တာကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် သတိကြီးကြီးထားကာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ပင်လယ်ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး လူဟပ်က ပြီးခဲ့တဲ့ ဇူ လိုင်လလယ်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းဟာ အမြင့်ဆုံးထိ ရောက်ရှိခဲ့ပြီး ခုချိန်မှာတော့ နေ့စဉ်ကူးစက်မှုနှုန်းက ၉၄ ဒသမ ၅ ရာခိုင်နှုန်းထိ လျော့ကျလာခဲ့တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူနဲ့ နယူးဇီလန်နိုင်ငံတွေမှာလည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျလာတာနဲ့အမျှ အစိုးရက နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်ခွင့်ကို လက်ခံဖို့ ပြင်ဆင်နေကြတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးတည်လူဦးရေ ၂၀၈ သန်းကျော်ရဲ့ ၂၁ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်ကာ ၄၀ ရာခိုင်နှုန်းနီးပါးကတော့ တကြိမ်ထိုးနှံပြီးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက လန်ကာဝီကျွန်းကို ခုသီတင်းပတ်ထဲ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနာမည်ကျော် ဖူးခက်ကျွန်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကတည်းက နိုင်ငံခြားသား ခရီးသွားတွေအတွက် ဖွင့်လှစ်ခဲ့တာဖြစ်ကာ ဗီယက်နမ်နိုင်ငံ ဖူကော့ကျွန်းကိုလည်း မကြာခင်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာပါ။