ထိုင်းတွင် တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၂,၀၀၀ ကျော်၊ ကူးစက်ခံရသူ ၁ သန်းခွဲနီးပါးရှိလာ

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ပိုး တွေ့လူနာသစ် ၁၂,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ စုစုပေါင်း ၁ သန်းခွဲ နီးပါးရှိလာခဲ့ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကူးစက်မှုအသစ်တွေထဲမှာတော့ နိုင်ငံတဝန်း အကျဉ်းထောင်တွေက ၈၅၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအသစ်ကတော့ ၁၀၆ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည် ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၁,၁၂၅ ယောက် ရှိနေခဲ့တာပါ။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁ ဒသမ ၄၈ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၅,၄၆၉ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေး ရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၂၉ ဒသမ ၂၉ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၇ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူ ပေါင်း ၂၀၅ ဒသမ ၉၂ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။