ရုရှားရွေးကောက်ပွဲတွင် ပူတင်ဦးဆောင်သည့်ပါတီအနိုင်ရ၊ ထောက်ခံသူများ အောင်ပွဲခံရန်စုရုံး

ရုရှားနိုင်ငံမှာ ၃ ရက်ကြာ လွှတ်တော်ရွေးကောက်ပွဲအပြီး အောင်ပွဲခံဖို့ လက်ရှိအာဏာရ ညီညွတ်သောရုရှားပါတီက ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေ စက်တင်ဘာ ၁၉ ရက် နှောင်းပိုင်းမှာ စုရုံးခဲ့ပါတယ်။
လက်ရှိ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ နောက်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေတဲ့ ပါတီဟာ ကနဦးရလဒ်တွေအရ တချို့ နေရာတွေမှာ အတိုက်အခံတွေကို သိသိသာသာ အရေးနိမ့်ခဲ့ပေမဲ့ လွှတ်တော်အမတ်နေရာ ၄၅၀ ရဲ့ အများစုကို ဆက်ပြီး ထိန်းထားနိုင်ဆဲလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မဲစုစုပေါင်းရဲ့ ၆၄ ရာခိုင်နှုန်း ရေတွက်အပြီးမှာ ညီညွတ်သော ရုရှားပါတီက မဲ ၄၈ ရာခိုင်နှုန်း နီးပါးကို အနိုင်ရထားတယ်လို့ ဗဟိုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ အနီးကပ်ဆုံးပြိုင်ဘက် ကွန်မြူနစ်ပါတီကတော့ မဲ ၂၁ ရာခိုင်နှုန်းကိုသာ ရထားတာပါ။
မဲနိုင်မယ့် ပမာဏဖြစ်နေပေမယ့် ညီညွတ်သော ရုရှားပါတီဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းက မဲ ၅၄ ရာခိုင်နှုန်း အနိုင်ရခဲ့တာမို့ စွမ်းဆောင်ရည် ပိုအားနည်းလာနေတယ်လို့ မီဒီယာတွေ က သုံးသပ်ပါတယ်။
နာရီဝက်ကြာ ကျင်းပတဲ့ အောင်ပွဲကို နိုင်ငံတဝန်းက ပါတီရုံးတွေနဲ့ ဗီဒီယို ကွန်ရက်တွေ ချိတ်ဆက်ကျင်းပခဲ့ပြီး အပိတ်မိန့်ခွန်းကို မော်စကို မြို့တော်ဝန်က ပြောခဲ့တာပါ။ သူကတော့ ပူတင်ရဲ့ နာမည်ကို ကြွေးကြော်ရာမှာ လူအုပ်ကို ဦးဆောင်ခဲ့ပါတယ်။
ပါတီရဲ့ဦးဆောင် ကိုယ်စားလှယ် အများအပြားလည်း ဒီပွဲစဉ်ကို တက်ရောက်ခဲ့ပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်နဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူတို့ကတော့ မတက်ခဲ့ကြပါဘူး။
နိုင်ငံအတွင်း ကာလကြာရှည် လူနေမှုအဆင့် ကျဆင်းမှုနဲ့ အစိုးရ အတိုက်အခံ အလက်ဇီ နာဗယ်ညီကို ထောင်ချရာမှာ အဂတိလိုက်စားမှုတွေကြောင့် မကျေနပ်တဲ့အတွက် ပါတီကို ထောက်ခံမှု ကျဆင်းလာနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။
Photo- Reuters