ကုန်တင်ယာဉ်မောင်း ရှားပါးမှုဖြေရှင်းရန် ယာယီအစီအမံများ ဗြိတိန်အစိုးရ ရှာဖွေနေ

ဗြိတိန်မှာ ကုန်တင်ယာဉ်ကြီးမောင်းသူတွေ ရှားပါးမှုကို ဖြေရှင်းဖို့ ယာယီအစီအမံတွေကို ရှာဖွေနေတယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ရဲ့ရုံးက ပြောကြားခဲ့ပါတယ်။
သတင်းစာတွေမှာတော့ အစိုးရဟာ နိုင်ငံခြားသား ယာဉ်ကြီးမောင်းဒရိုင်ဘာ ၅၀၀၀ လောက်အထိ ဗြိတိန်ကို ကာလတိုဗီဇာနဲ့ ခွင့်ပြုလိမ့်မယ်လို့ ရေးထားကြပါတယ်။
ဒီလိုခေါ်ယူပေးဖို့ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတွေနဲ့ လက်လီအရောင်းဆိုင်တွေက အစိုးရကို တင်ပြခဲ့ပေမဲ့ အရင်တုန်းက ပယ်ချခဲ့တာပါ။
ဗြိတိန်ဟာ ဒီလို အပ်ချက်ဖြည့်ဆည်းဖို့ ယာဉ်မောင်း ၁ သိန်း ထပ်ပြီး လိုအပ်နေသေးတယ်လို့ ယူကေရဲ့ လမ်းကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့က ဆိုပါတယ်။
Brexit နဲ့ ကိုဗစ်-၁၉ ကြောင့် ယာဉ်မောင်းသင်တန်းနဲ့ လိုင်စင်ဖြေဆိုမှုတွေ တစ်နှစ်လောက် နှောင့်နှေးသွားရတာကလည်း ယာဉ်မောင်းသူ ရှားပါးမှုပြဿနာ တစိတ်တပိုင်း ဖြစ်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှပ်က ပြောပါတယ်။
ကုန်ပစ္စည်းတွေ ဈေးကွက်ထဲရောက်စေဖို့ သယ်ယူမောင်းနှင်ပေးမယ့် ကုန်တင်ကားသမား တွေ ရှားပါးမှုကို လယ်သမားတွေနဲ့ စူပါမားကက်တွေက သတိပေးတင်ပြထားတာ လနဲ့ချီ ကြာနေပါပြီ။
BP ၊ Shell နဲ့ Esso စတဲ့ လောင်စာဆီနဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေရဲ့ ဆိုင်ခွဲတွေလည်း မောင်းသူ ရှားပါးမှုကြောင့် ရာနဲ့ထောင်နဲ့ချီပြီး ပိတ်ထားရတယ်လို့ပြောပါတယ်။
တချို့ဆီဆိုင်တွေနဲ့ စူပါမားကက်တွေမှာ ကုန်ပစ္စည်းတွေ အလုံအလောက်ထပ်ဖြည့်ဖို့ လတ်တလောအခက်အခဲရှိနေတာကြောင့် တန်းစီစနစ်နဲ့ ခွဲတမ်းအလိုက် ဝယ်ရဖို့လည်း ရှိနေပြီး ကြောက်လန့်တကြား သိမ်းကြုံးဝယ်ခြင်း မပြုကြဖို့ ဝန်ကြီးတွေက သတိပေး ပြောကြားထား ပါတယ်။