ဗီလာ၏အနိုင်ဂိုး လူကျွံဘောဖြစ်ကြောင်း မန်ယူနိုက်တက်နည်းပြဆိုးလ်ရှား ဝေဖန်

အက်စတွန်ဗီလာသွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ လူကျွံဘောဖြစ်ကြောင်း မန်ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဝေဖန်လိုက်ပါတယ်။
မန်ယူအသင်းဟာ ဗီလာနဲ့ပွဲမှာ တစ်ဂိုးဂိုးမရှိနဲ့ ရူံးနိမ့်ခဲ့ပြီး ၈၈ မိနစ်မှာသွင်းယူခဲ့တဲ့ ဗီလာနောက်ခံလူ ကော့နေးဟက်စ်ရဲ့ဂိုးက လူကျွံနေတယ်လို့ နည်းပြ ဆိုးလ်ရှားက ဝေဖန်ခဲ့တာပါ။
“သူတို့ရသွားတဲ့ဂိုးက လူကျွံနေတာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒိုင်ရဲ့ဆုံးဖြတ်ချက်က ကျနော်တို့ကို ဆန့်ကျင်ခဲ့တဲ့အတွက် ကံမကောင်းခဲ့ပါဘူး” လို့ ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောပါတယ်။
ဆက်လက်ပြီး ဘရူနိုင်ဖာနန်ဒက်စ် ပင်နယ်တီမဝင်ခဲ့တာနဲ့ ပတ်သက်ပြီး ဘောလုံးမှာဖြစ်တတ်ကြောင်း၊ ဘရူနိုဟာ ပင်နယ်တီကန်သွင်းမူမှာ ထူးချွန်သူဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာလည်း ကမ္ဘာ့ဘောလုံးလောကမှာ ပင်နယ်တီဂိုးအများဆုံး သွင်းယူနိုင်သူဖြစ်လို့ ထူးချွန်သူဖြစ်ကြောင်း၊ ထူးချွန်သူ ၂ ဦးရှိပေမယ့် လွဲချော်ခဲ့တဲ့အပေါ်မှာတော့ စိတ်ပျက်မိကြောင်း နည်းပြ ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပင်နယ်တီကန်သွင်းမှု ၂၃ ကြိမ်မှာ ဒုတိယအကြိမ်မြောက်လွဲချော်ခဲ့တာဖြစ်ပြီး ၂၀၂ဝ ပြည့်နှစ် အောက်တိုဘာလက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာလည်း ပင်နယ်တီလွဲချော်ခဲ့ဖူးပါတယ်။