close

ပူတာအို GTI နောက်ဆုံးနှစ်ကျောင်းသားများ ၂ လသာ ကျောင်းတက်ပြီး အင်ဂျင်နီယာဘွဲ့ရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ ဖွင့်လှစ်ထားတဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (GTI-Putao) ကျောင်းမှာ ပညာသင်ယူနေတဲ့ တတိယနှစ် ကျောင်းသူ ကျောင်းသားတွေကို ၂ လပဲ ကျောင်းတက်ခိုင်းပြီး အင်ဂျင်နီယာဘွဲ့ပေးခဲ့တယ်လို့ GTI(ပူတာအို) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သတ်မှတ်တဲ့ အရည်အချင်းမပြည့်ဘဲ ဘွဲ့ပေးနေတဲ့အပေါ် GTI(ပူတာအို) နဲ့ နီးစပ်သူတစ်ဦးက “ပုံမှန်ကျောင်းတက်ရက်က ဒီဇင်ဘာလကနေ စတက်ရတာပါ။ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တော့ ကျောင်းပိတ်လိုက်ရပါတယ်။ ဇွန်လလောက်ရောက်မှ non CDM ဆရာ/မတွေ ပေါင်းပြီး ဖွင့်လိုက်တာ။  ကျောင်းတောင်ကောင်းကောင်းမတက်ရဘဲနဲ့ ဇူလိုင်လမှာ စာမေးပွဲဖြေခိုင်းလိုက်တယ်။ လက်တွေ့တောင် မဆင်းခိုင်းဘဲနဲ့ ဘွဲ့ပေးလိုက်တာပါ” လို့ ဆိုပါတယ်။

ပူတာအိုမှ အမည်မဖော်လိုသူ‌ ဒေသခံတစ်ဦးကလည်း “အရည်အချင်းမရှိဘဲ ဘွဲ့ရသွားတော့ လက်တွေ့လုပ်ငန်းခွင်ထဲရောက်ရင် ဒုက္ခရောက်မှာတော့ အသေအချာပါပဲ။ ဘယ်လိုစိတ်နဲ့များ ကလေးကလား ပညာရေးဖြစ်အောင် လုပ်နေကြတာလဲမသိဘူး” လို့ ပြောပါတယ်။

GTI(ပူတာအို)မှာ အာဏာမသိမ်းခင်က တတိယနှစ် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပေမဲ့ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

GTI(ပူတာအို)မှာ စစ်အာဏာရှင်ကို မလိုလားတဲ့အတွက် CDM မှာ ပါဝင်သူ ဆရာ၊ ဆရာမနဲ့ ရုံးဝန်ထမ်းအားလုံး စုစုပေါင်း ၂၆ ယောက်ခန့် ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up