ပြင်သစ်မှ စစ်သင်္ဘော ၃ စီး ဝယ်ယူရန် ဂရိအစိုးရ သဘောတူ

ဂရိအစိုးရဟာ ပြင်သစ်နိုင်ငံဆီက ဖရီးဂိတ် စစ်သင်္ဘော အသစ် ၃ စီး ဝယ်ဖို့ သဘောတူညီချက်ကို စက်တင်ဘာ ၂၈ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ပြင်သစ်အစိုးရဟာ သြစတြေးလျ အစိုးရနဲ့ ရေငုပ်သင်္ဘောရောင်းဝယ်ရေး အကြီးစား ကန်ထရိုက်ကို ဆုံးရှုံးအပြီး ဈေးကွက်ပြန်ရဖို့ ကြိုးစားနေတာပါ။ ပိုကျယ်ပြန့်တဲ့ ဗျူဟာမြောက် စစ်ဘက်နဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
ဂရိအစိုးရဟာ ဒီနှစ်အတွက် ဒတ်ဇော့ကုမ္ပဏီထုတ် ရာဖှယ်တိုက်လေယာဉ် ၂၄ စီးကို မှာယူထားပြီး ဖြစ်တာကြောင့် တိုက်လေယာဉ်ဝယ်တဲ့ ပထမဆုံး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက “ဒီအရောင်းအဝယ်ဟာ ဥရောပ လုံခြုံရေးကို ထည့်ဝင်အားပေးတယ်။ ဥရောပရဲ့ ဗျူဟာမြောက် အချုပ်အခြာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရော နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုပါ အားဖြည့်တယ်”လို့ ဂရိဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂရိဝန်ကြီးချုပ်ကလည်း ဂရိနဲ့ ပြင်သစ် အတူပူးတွဲနေတဲ့ သမိုင်းကြောင်း၊ ပထဝီဝင်အနေအထားနဲ့ ဥရောပအကျိုးစီးပွားတွေကို ဒီအရောင်းအဝယ်ကပြနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဂရိနဲ့ အရောင်းအဝယ်ဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆ ဘီလီယံအထိ တန်ဖိုးရှိနိုင်တယ်လို့ ပြင်သစ်မီဒီယာတွေက အစီရင်ခံပါတယ်။
ဒါကြောင့် သြစတြေးလျအစိုးရနဲ့ ဘီလီယံချီ အရောင်းအဝယ်ဆုံးရှုံးခဲ့တဲ့ ကုမ္ပဏီအတွက် သက်သာရာတချို့ ရခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။