close

ကုလအကြီးတန်းအရာရှိ ၇ ဦးကို အီသီယိုးပီးယားအစိုးရ နှင်ထုတ်

အီသီယိုးပီးယားအစိုးရဟာ တောင်အာဖရိကနိုင်ငံသားတစ်ဦး အပါအဝင် ကုလသမဂ္ဂ အကြီးတန်းအရာရှိ ၇ ဦးကို ၇၂ နာရီအတွင်း နိုင်ငံကနေ ထွက်ခွာသွားဖို့ နှင်ထုတ်လိုက်ပါတယ်။

အာဒစ်အဘာဘာနဲ့ ထိဂရေးဒေသအစိုးရတို့အကြား ဖြစ်ပွားခဲ့တဲ့ လူသားချင်း စာနာမှု အကြပ်အတည်းမှာ ၀င်ရောက်စွက်ဖက်မှုအတွက်လို့ ဆိုပါတယ်။ 

ဒီသတင်းကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ အံ့အားသင့်သွားတယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတက်ဖနီထမ်းဘလေက စက်တင်ဘာ ၃၀ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

အင်္ဂါနေ့တုန်းက ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကြီးအကဲ မာတင်ဂရစ်ဖစ်  ဟာ အစားအစာ၊ ဆေးဝါးအထောက်အပံ့နဲ့လောင်စာတွေကို လက်ရှိအာဏာလက်ကိုင်အစိုးရက ပိတ်ဆို့ထားတာကြောင့် အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း ထိဂရေးပြည်နယ်မှာ သိန်းနဲ့ချီတဲ့လူတွေ အငတ်ဘေးဖြစ်ပွားနေပြီလို့ သတိပေးပြောကြားခဲ့တာပါ။ 

အာဒစ်အဘာဘာအစိုးရက ဒါကိုလက်တုံ့ပြန်ပုံရပြီး သူတို့ရဲ့ပြည်တွင်းရေးကို ၀င်စွက်ဖက်နေတယ်လို့ ပြောပြီးတော့ ခုလိုနှင်ထုတ်ခံရတာဖြစ်ပါတယ်။ 

ကုလသမဂ္ဂအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရေနဲ့ သန့်ရှင်းရေးအထောက်အကူတွေ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မှီခိုနေတဲ့ အီသီယိုးပီးယား ပြည်သူတွေကို ကူညီနိုင်ဖို့ အခုဆိုရင် သက်ဆိုင်ရာကုလအဖွဲ့အစည်းတွေကို သူတို့ရဲ့ အရေးကြီး အလုပ်တွေ ဆက်လုပ်ခွင့်ပြုဖို့ မျှော်လင့်ပြီး အီသီယိုးပီးယား အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းနေပါတယ် လို့ ကုလပြောခွင့်ရ ထမ်းဘလေက ပြောပါတယ်။

နှင်ထုတ်ခံရသူခုနစ်ဦးထဲမှာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အကြီးအကဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) တို့ပါဝင်ပါတယ်။ 

ထိဂရေးရှိအခြေအနေများအပေါ် နိုင်ငံတကာရဲ့ဝေဖန်မှုတွေ မြင့်တက်လာနေပြီး အီသီယိုးပီးယား မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်နေကြတဲ့အဖွဲ့များအားလုံးဟာ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့နိုင်ခြေတွေနဲ့ ရင်ဆိုင်နေရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up