တီဂရေးသူပုန်များကို အီသီယိုးပီးယားအစိုးရက အပစ်ရပ်စဲရေး တိုက်တွန်း

အီသီယိုးပီးယားအစိုးရက တီဂရေးသူပုန်တွေကို အပစ်အခတ်ရပ်စဲရေးမှာ ပူးပေါင်းဖို့ တိုက်တွန်းထားတာကြောင့် ဇူလိုင် ၁ ရက်က တီဂရေးဒေသရှိလမ်းတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်နေကြပါတယ်။
အစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေမဲ့ တီဂရေး ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး TPLF က ဟာသပြက်လုံး တစ်ခုလို ပယ်ချလိုက်ပြီး စစ်ရေးတိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
အီသီယိုးပီးယားရဲ့ တီဂရေးဒေသအုပ်ချုပ်သူဟောင်းတွေဖြစ်တဲ့ TPLF ဟာ ရှစ်လနီးပါး တိုက်ပွဲတွေအပြီးမှာ ဒေသမြို့တော် မီကယ်လ်လီကို ပြန်ထိန်းချုပ်ထားလိုက်ပြီလို့ ဇွန် ၂၈ ရက်က ပြောခဲ့ပါတယ်။
ရှိုင်းယားနဲ့ တီဂရေးဒေသက တခြားမြို့အတော်များများကို တီဂရေးစစ်တပ်က ထိန်းချုပ်ထားပြီး အစိုးရနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိမ်နီးချင်းအမ်ဟာရာ ဒေသကတပ်ဖွဲ့တွေကတော့ တီကီဇီမြစ်ရဲ့ တခြားဘက်ခြမ်းမှာရှိတဲ့ နယ်မြေကို ထိန်းချုပ်ထားပါတယ်။
မြောက်ပိုင်း ရှိုင်းယားမြို့အနီးရှိ တီကီဇီမြစ်ကူးတံတားတစ်စင်း ပျက်စီးသွားခဲ့တာကြောင့် စစ်ဘေးဒဏ်သင့်ဒေသကို အကူအညီတွေ ရောက်ရှိဖို့က အရင်ကထက် ပိုပြီးအတားအဆီးတွေ ရှိလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီက ပြောကြားခဲ့ပါတယ်။
အကူအညီပေးရေး အေဂျင်စီတွေဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတဲ့ ရာနဲ့ထောင်နဲ့ ချီနေတဲ့လူတွေဆီကို ရောက်ဖို့ ကြိုးစားနေရတာပါ။
ဒေသတွင်းမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် အကူအညီပေးရေးအေဂျင်စီတွေဟာ အစားအစာနဲ့ တခြားအကူအညီတွေကို အလွန်အမင်း လိုအပ်နေသူတွေဆီ ရောက်နိုင်ဖို့ သူတို့လုပ်ပေးနိုင်စွမ်းတွေက အကန့်အသတ် ဖြစ်နေရပါတယ်။
မီကယ်လ်လီရှိဆေးရုံတွေမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးစက်တွေကို သုံးနေရတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကုလသမဂ္ဂကတော့ တီဂရေးရှိ အနည်းဆုံး လူပေါင်း ၃ သိန်းခွဲဟာ အစားအစာ ရှားပါးခြင်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဇွန်လအစောပိုင်းက ပြောခဲ့ပြီး ပြီးခဲ့တဲ့အပတ်ကတော့ အရေအတွက် ၉ သိန်းလောက်ရှိလာပြီလို့ နိုင်ငံတကာဖွံ့ဖြိုးရေး ကုလအေဂျင်စီက ခန့်မှန်းထားပါတယ်။