close

ခင်ဦးမြို့နယ်တွင် စစ်တပ်ကစီးနင်းပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာအတွင်းကို အောက်တိုဘာ ၁ ရက် မနက် ၄ နာရီခွဲအချိန်ကစပြီး စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲ စီးနင်းဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားရဲ့ သမီးတစ်ဦးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒလန်က PDF စခန်းရှိတယ်လို့ သတင်းပေးတာကြောင့် အခုလို စီးနင်းပစ်ခတ်ခံရတာဖြစ်ပြီး နေအိမ်တစ်လုံးမီးရှို့သွားကာ ဆိတ်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်အစောကြီးကစဝင်ပြီး ပစ်တာခတ်တာ ဖမ်းဆီးတာတွေ လုပ်ခဲ့တာပဲ။ ၅ နှစ်အရွယ် မိန်းကလေးအပါအဝင် အားလုံး ၅ ဦးသေတယ်။ အဲဒီအထဲက ၆ နှစ်အရွယ်ကလေးက စိုက်ကွင်းစောင့် စစ်သားတစ်ဦးရဲ့ သမီးလေးဗျ၊ သားအမိနှစ်ယောက်ရွာကို ပို့ထားတာကြာပြီ။ စစ်တပ်လာတယ်ကြားလို့ ကလေးကို ကျောပိုးပြီးပြေးတာ ကလေးကျော သေနတ်မှန်ပြီး သေသွားရတာ။” 

ပျဉ်ထောင်ကျေးရွာကို စစ်တပ်က စီးနင်းပစ်ခတ်လို့ သေဆုံးရသူတွေမှာ သကြားစက်နဲ့ ပေကြီးစိုက်ကွင်းစောင့်  ဦးမျိုးနိုင် စစ်ကောင်စီတပ်သားရဲ့သမီး မမျိုးသန္တာလှိုင် (အသက် ၆ နှစ်)၊ ကိုထွန်းစီ - ၃၅ နှစ် (ခြေထောက်မှန် သွေးထွက်လွန်သေဆုံး)၊ ကိုအောင်ဦး ၄၅ နှစ် (ဦးခေါင်းမှန် သေဆုံး)၊ ကိုပုချို ၃၃ နှစ် (ဗိုက်မှန်သေဆုံး)၊ ဒေါ်ပု (လယ်တောထဲ ရှောင်ပြေးရင်းပစ်ခံရသူ) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်သူရဲ့ နေအိမ်ကို မီးရှို့ခဲ့သလို ရွာလယ်က ကိုဇော်မင်းဦးရဲ ဆိတ်တွေကိုလည်း ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

ခင်ဦးမြို့နယ်မှာ စစ်တပ်က ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up