close

ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့် PDF တပ်ဖွဲ့ဝင်အပါအဝင် ကျဆုံးပြည်သူ ၁၁၅၄ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၅၄ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၇၀၉ ယောက်ဖမ်းဆီးခံခဲ့ရကာ ၇၀၄၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၃၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ပျဉ်းမနားမြို့ခံ ကိုရန်ပိုင်ဟာ စစ်ကြောရေးမှာ အပြင်းအထန်ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း အောက်တိုဘာ ၁ ရက်မနက်ပိုင်းက ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ကိုရန်ပိုင်ဟာ တိမ်းရှောင်နေတဲ့ ပျဉ်းမနားမြို့က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် နားတစ်ဖက်အကြားအာရုံ ဆုံးရှုံးသွားခဲ့ပြီး ခြေဆစ်၊ လက်ဆစ်တွေ ရိုက်ချိုးခံ ခဲ့ရတာတွေအပြင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေရရှိခဲ့ကြောင်း သိရှိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့၊ မနက်အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းက ပျဉ်ထောင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းချိန်မှာ ကြောက်လန့်ပြီး ထွက်ပြေးတဲ့ ဒေသခံရွာသားတွေကို လိုက်လံပစ်ခတ်ခဲ့တာကြောင့် အသက် ၅ နှစ်အရွယ် ကလေးတယောက်အပါအဝင် ဒေသခံရွာသား ၅ ယောက်ဟာ လယ်တောအတွင်း ကျည်ထိမှန်ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up