တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၃၀၀ ကျော်၊ ၄၆ ဦးထပ်မံသေဆုံး






မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၃၀၀ ကျော်နဲ့ ၄၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေအများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၀,၁၉၁ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၃၄၇ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံကဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၄၂၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၇,၈၃၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၆၇,၂၆၉ ယောက် ရှိနေပါတယ်။
ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ နိုင်ငံတဝန်း စာသင်ကျောင်းတွေကိုလည်း လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့အထိ ထပ်မံပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ဒါ့အပြင် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၂၀ ကျော်ကိုလည်း Stay At Home အမိန့်ထုတ်ထားပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၃.၈၆၃ သန်း ၃,၈၆၃,၃၄၄ ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄.၄ သန်း (၄,၄၀၀,၈၁၃) ဦးရှိပြီဖြစ်ပါသည်။
ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၇ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံထားတယ်လို့ သိရပါတယ်။