ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ ဖိလစ်ပိုင်နှင့် ရုရှားဂျာနယ်လစ်ကို ကုလသမဂ္ဂ ဂုဏ်ပြုကြိုဆို

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရရှိခဲ့တဲ့ ဖိလစ်ပိုင်ဂျာနယ်လစ် မာရီရာရစ်ဆာနဲ့နဲ့ ရုရှားဂျာနယ်လစ် ဒီမစ်ထရီ မူရာတော့ဗ်တို့ကို ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အောက်တိုဘာ ၈ ရက်က ဂုဏ်ပြုကြိုဆိုလိုက်ပြီး ဒါဟာ အခက်ခဲဆုံးအခြေအနေတွေမှာ သတင်းထောက်တွေရဲ့ အလုပ်ရဲ့ အရေးပါမှုကို အသိအမှတ်ပြုခြင်းဖြစ်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
လူတွေကို သတင်းပေးဖို့နဲ့ နေရာတိုင်းက ဘေးကြုံနေတဲ့ သားကောင်တွေရဲ့အသံတွေကို ပိုကြားရအောင် သူတို့အလုပ် သူတို့လုပ်နေကြတဲ့ အပြင်မှာရှိတဲ့ သတင်းထောက်တွေအားလုံးကို ဂုဏ်ပြုပါတယ်လို့လည်း ဆိုပါတယ်။
နော်ဝေနိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဘာရစ်ရီးစ်အန်ဒါဆင်က ဖိလစ်ပိုင်နိုင်ငံမှ ရစ်ဆာနဲ့ ရုရှားက မူရာတော့ဗ်တို့ဟာ ဖိလစ်ပိုင်နဲ့ရုရှားတို့မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် သူတို့ရဲ့ရဲရင့်စွာတိုက်ပွဲဝင်ခဲ့မှုအတွက် ဆုချီးမြှင့်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သတင်းသမားတွေအတွက် ပထမဆုံးနိုဘယ်လ်ဆုကို ၁၉၃၅ ခုနှစ်က ဂျာမန်လူမျိုး ကားလ်ဗွန်အော့စ်ဆက်ဇကီက ရရှိခဲ့ပြီး သူ့နိုင်ငံရဲ့ လျှို့ဝှက် စစ်ပြီးခေတ် လက်နက်တပ်ဆင်ရေးအစီအစဉ်ကို ထုတ်ဖော်ခဲ့တဲ့အတွက် ချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒီဇင်ဘာ ၁၀ ရက်မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ၁၈၉၅ ခုနှစ်က ဒီဆုတွေကိုချီးမြှင့်ဖို့ သေတမ်းစာ ရေးသားခဲ့တဲ့ ဆွီဒင်စက်မှုလုပ်ငန်းရှင် အဲလ်ဖရက်ဒ်နိုဘယ်လ် ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။