close

မန္တလေးတွင် ဆင်းရဲနွမ်းပါးသူများကို သားဆက်ခြားဆေး အခမဲ့ထိုးပေးမည်

မန္တလေးမြို့ရှိ ဆင်းရဲနွမ်းပါးပြည်သူတွေနဲ့ ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်သည်တွေကို သားဆက်ခြားဆေး အခမဲ့ထိုးပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။

သားဆက်ခြားဆေး ထိုးနှံတာနဲ့ ဆေးထိုးနှံဖို့ မသင့်တဲ့ အမျိုးသမီးတွေအတွက် ဆွေးနွေးတိုင်ပင်တဲ့ အစီအစဉ်ကို ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့နဲ့ မြို့နယ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းကာ အောက်တိုဘာ ၁၀ ရက်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း၊ ၁၁၉ လမ်းနဲ့ ၄၉ လမ်းထောင့်ရှိ ရင်ဘတ်တူညီနောင်ကုသိုလ်ဖြစ်ဆေးရုံမှာ ပြုလုပ်ကာ အခမဲ့ ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ရင်ဘတ်တူညီနောင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ဒေသန္တရကျန်းမာရေးက လိုက်လံထိုးနှံပေးတာ ရှိတယ်၊ ဒါပေမဲ့ ကျူးကျော်နေထိုင်နေကြရတဲ့ အမျိုးသမီးထုကြီးမှာ လက်လှမ်းမမီကြတာရော သူတို့သိတဲ့ ဆေးခန်းတွေကလည်း ပိတ်နေတာ ဆိုတော့ ကိုယ်ဝန်မဆောင်သင့်သေးတဲ့ အချိန်ရော ငွေကြေးမတတ်နိုင်တာရော မသိတာတွေရောကြောင့် ကိုယ်ဝန်ဆောင်ကြရတယ်၊ ကိုယ်ဝန်ဆောင်ချိန် အလုပ်မရှိကြတော့ အခက်အခဲ ဖြစ်နေကြတာတွေ တွေ့နေရလို့ အခုလို စီစဉ်ပေးဖြစ်တာပါ” လို့ ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ ရင်ဘတ်တူညီနောင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကုသိုလ်ဖြစ်ဆေးရုံ ဖွင့်လှစ်ထားရာ အဆိုပါဆေးရုံကို ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေ အများဆုံး လာရောက်ကြပါတယ်။

အဲဒီ ကုသိုလ်ဖြစ်ဆေးရုံကို တက်ရောက်ခဲ့သည့် ကိုယ်ဝန်သည်တွေကို မေးမြန်းချက်အရ အများစုဟာ ဆေးရုံ ဆေးခန်းတွေနဲ့ လက်လှမ်းမမီခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း၊ သားဆက်ခြား နည်းလမ်းများ မသိရှိခြင်းတို့ကြောင့် သားသမီးများပြားကာ အခက်အခဲများ ကြုံတွေ့နေရတယ်လို့ မေးမြန်းသိရှိရပါတယ်။

ဒါကြောင့် ကျူးကျော်ရပ်ကွက်နေထိုင်သူနဲ့ နွမ်းပါးသူ အမျိုးသမီးများအတွက် အခမဲ့ သားဆက်ခြားဆေး ထိုးနှံပေးမှာဖြစ်ပြီး ရင်ဘတ်တူညီနောင်ကုသိုလ်ဖြစ်ဆေးရုံမှာ အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီကနေ ၁၁ နာရီ၊ ညနေ ၃ နာရီကနေ ၆ နာရီတွေမှာ လာရောက်ပြသနိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up