close

ကျိုက်လတ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့ ဗုံး ၂ လုံး ပေါက်ကွဲ၊ မအူပင်တွင် ပစ်ခတ်မှုဖြစ်

ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး မအူပင်မြို့မှာလည်း မနေ့ညက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်လတ်မြို့နယ် အမှတ် ၂ လမ်းမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ မနက် ၈ နာရီကျော်လောက်က ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ရုံးတက်ချိန် မဟုတ်သေးတာကြောင့် သေဆုံး ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကျိုက်လတ် လျှပ်စစ်ရုံးက လူတွေက တအားဆိုးနေလို့ သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ။ အဲဒီကဝန်ထမ်းတွေကို ပြောချင်တာက နောက်တစ်ခါဆို ခုလို သတိပေးတော့မှာ မဟုတ်ဘူး။ ဒါ နောက်ဆုံးသတိပေးတာ” လို့ ကျိုက်လတ် PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

လျှပ်စစ်ရုံးက ဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး လျှပ်စစ်မီတာခတွေကို အတင်းအဓမ္မ ကောက်ယူနေတာတွေကို ရပ်တန့်က ရပ်ဖို့အတွက် သတိပေးခဲ့တာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အာဏာသိမ်းစစ်တပ်ဘက်က တပ်သားတွေ ရောက်လာပြီး လမ်းကို ပိတ်ဆို့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မအူပင် - တွံတေး - ရန်ကုန် ကားလမ်းမပေါ်မှာ  အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်လောက်က သေနတ် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညပိုင်းက အပြန်လှန်ပစ်တဲ့ပုံစံမျိုး ကြားတာ၊ အချက်က ၃၀ ကျော်လောက်ရှိမယ်။ တံတားထိပ်နားကနေ တဖြည်းဖြည်း မြို့ထဲကို ဝင်လာတာ မိနစ် ၃၀ လောက်ကြာတော့ သေနတ်သံတွေ ရပ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မအူပင်မြို့အဝင် တံတားထိပ်မှာ ညပိုင်း ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ ဘယ်အဖွဲ့ ပစ်တယ်ဆိုတာ မသိရသေးသလို ထိခိုက်သေဆုံးတာ ရှိ၊ မရှိလည်း သေချာမသိရသေးပါဘူး။

မအူပင်မြို့မှာ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ အာဏာသိမ်းစစ်တပ်က ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပိုမိုပြုလုပ်လာခဲ့ပြီးနောက်ပိုင်း ယာဥ်ထိန်းရဲရုံးဗုံးကွဲခဲ့ကာ ခုလို ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up