close

စစ်တပ်ဆိုင်ကယ်ယာဉ်တန်းကို တန့်ဆည်TPC က မိုင်းဆွဲတိုက်ခိုက်၊ ခင်ဦးတွင် ပျူစောထီးတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးကုန်းကျေးရွာနဲ့ နဘတ်ကြီးကျေးရွာကြားက မိုင်တဲလ် တာဝါတိုင်အနီးမှာ အောက်တိုဘာ ၁၀ ရက် မနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်  ဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မနက် ၁၀ နာရီလောက်က ဆိုင်ကယ် ၂၄ စီး နဲ့ ၂ ယောက်တတွဲ စီးလာကြပြီး တန်ဆည်မြို့မြောက်ဘက်ကို ထွက်လာခဲ့တာဖြစ်ကာ သစ္စေးကုန်းတာဝါတိုင်နားအရောက်မှာ မိုင်းခွဲ ခံရတာလို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့မနက် စစ်ကောင်စီတပ်တွေ ခြေရှုပ်တယ်။ ခြေလျင်ရော၊ ဆိုင်ကယ်တွေနဲ့ ရော၊ ကားတွေနဲ့ရော နေရာဖြန့်ပြီး ကင်းလှည့်တဲ့သဘော လုပ်နေတာ သစ္စေးကုန်းဘက်လှည့်တဲ့ ဆိုင်ကယ်ယာဉ်တန်းကတော့ မိုင်းမိလို့ ၂ ယောက်ကျတယ်လို့ ကြားတယ်” လို့  ပြောပါတယ်။

တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့(TPC)ကတော့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၂ ဦး ထိခိုက်ပြီး TPC ရဲဘော်တွေအနေနဲ့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ နှောကုန်းကျေးရွာမှာလည်း PDF တွေကို စိန်ခေါ်တဲ့ ပျူစောထီးတစ်ဦးကို အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၂ နာရီလောက်မှာ ခင်ဦးတောကြီးမြွေဟောက်အဖွဲ့ (King Cobra) က သုတ်သင်ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “သူကရွာထဲကို မင်းတို့ PDF တွေ -ီ-း နဲ့တောင် မထိုးလောက်ဘူး၊ မင်းတို့ PDF ဆိုတဲ့ကောင်တွေ ငါ့ဆီတပည့်လာခံလိုက်ကြ၊ မိုင်းဘယ်လို ထောင်ရမယ်ဆိုတာ ငါပြောပြမယ်၊ အဲလိုတွေ ရွာသားတွေကြားအောင် စိန်ခေါ်တယ်၊ ဒါကြောင့် အရှင်းခံရတာဖြစ်မယ်” လို့ ပြောပါတယ်။

သေဆုံးသူ နှောကုန်းရွာသား ကိုကရင် အသက် (၃၈) နှစ်ဟာ ပျူစောထီးသင်တန်းဆင်းထားသူဖြစ်ပြီး၊ အခြားကျေးရွာက ပျူစောထီးတွေကို လက်နက်သင်တန်းပြန်လည်ပို့ချနေတယ်လို့ နာမည်ကြီးနေသူဖြစ်ပါတယ်။

King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) အနေနဲ့  ၃၂ ယောက်မြောက်သော  သုတ်သင် ရှင်းလင်းလိုက်တာလို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up